မြန်မာသမ္မတသစ်ထံ ကန်သမ္မတ သဝဏ်လွှာပို့

အိမ်ဖြူတော်က Oval Office -အမေရိကန်သမ္မတ ဒေါနယ်ထရမ့်

အမေရိကန်သမ္မတ Donald Trump ဟာ မကြာခင်တုန်းက ရွေးချယ်ခန့်အပ်ခံရတဲ့ မြန်မာသမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုဂုဏ်ပြုတဲ့အကြောင်း သဝဏ်လွှာတစောင် အခု သီတင်းပတ် အစောပိုင်းက ပေးပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားဖွံဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာမှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုရှိရေးတွေ အာမခံမယ့် ငြိမ်းချမ်းရေးနိုင်ငံတရပ်ဖြစ်ရေး မြန်မာ့ရည်မှန်းချက်တွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး အကူအညီတွေပေးသွားမယ်လို့လည်း ဒီ သဝဏ်လွှာထဲမှာ သမ္မတ Trump က ဂတိကဝတ်ပြုထားပါတယ်။

မိတ်ဆွေနိုင်ငံအနေနဲ့ နှစ်နိုင်ငံကြား ရင်းနှီးတဲ့ဆက်ဆံရေးကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တန်ဖိုးထားတဲ့အကြောင်းဖော်ပြထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ သမ္မတသစ် ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က လွှတ်တော်မှာပဲ ကျိမ်းသစ္စာဆိုပြီး သမ္မတတာဝန်ယူခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်အခါသမယအတွက် အမေရိကန်အစိုးရရဲ့ ဆုတောင်းသဝဏ်လွှာကိုလည်း ယာယီ အမေရိကန်နိုင်ငံခြားရေး John Sullivan က ပေးပို့လိုက်ပါတယ်။ တရားမျှတမှု ခွင့်လွှတ်သီးခံမှု ဒီမိုကရေစီနဲ့ အပြန်အလှန်နားလည်မှုတွေအပေါ် အခြေခံပြီး ငြိမ်းချမ်းသာယာတဲ့အနာဂတ်ကို ရှေ့ရှုတဲ့ မတူကွဲပြားတဲ့မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာသမ္မတသစ်ထံ ကန်သမ္မတ သဝဏ်လွှာပို့