၁၉၅၀ ပြည့်နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲကို တောင်ကိုရီးယားအစိုးရဖက်က မြောက်ကိုရီးယားအစိုးရနဲ့ အဆုံးသတ်မယ်ဆိုရင် သူ့အနေနဲ့သဘောတူကြောင်း အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ ကိုရီးယား ၂ နိုင်ငံကြားမှာ တရားဝင်စစ်ပြေငြိမ်းမှု မရှိသေးတဲ့ကိစ္စကို သမ္မတ Trump ကဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံစဉ်မှာထောက်ပြပြီး စစ်ပြေငြိမ်းဖို့သူသဘောတူကြောင်းပြောခဲ့တာပါ။
၁၉၅၃ ခုနှစ်မှာ တိုက်ပွဲတွေ အဆုံးသတ်ခဲ့ပြီး အမေရိကန်။ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကြား စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့။ အဲဒီစာချုပ်ထဲမှာ တောင်ကိုရီးယား မပါဝင်ပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ Trump သဘောတူခဲ့တာဟာ သတ္တိရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကပြောပါတယ်။ ခေါင်းဆောင် ၂ ဦးတွေ့ဆုံမှုဟာ ဇွန်လထဲမှာ ဒါမှမဟုတ် အဲဒီထက်နည်းနည်းစောမယ်လို့ သမ္မတ Trump ကပြောပါတယ်။
အခြေအနေမကောင်းရင်တော့ တေ့ွဆုံပွဲဖြစ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ထိပ်သီးတွေ့ဆုံပွဲအတွက် ပြင်ဆင်မှုတွေကို အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်ပိုင်းခေါင်းဆောင်တွေကြား တိုက်ရိုက်ဆွေးနွေးနေတယ်လို့လည်း သမ္မတ Trump ကဆိုပါတယ်။
မြောက်ကိုရီးယားတို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ပြန်ပေးဆွဲသွားတဲ့ ဂျပန်လူမျိုးတွေကိစ္စအပါအဝင် ဂျပန်အစိုးရကဖက်က အလေးထားတဲ့ကိစ္စတွေကို Kim Jong Un နဲ့တွေ့တဲ့အခါပြောမယ်လို့ သမ္မတ Trump ကကတိပေးတဲ့အပေါ် စိတ်သက်သာရာရတယ်လို့ ဂျပန်ဝန်ကြီးချုပ် Abe ကပြောပါတယ်။ မြောက်ကိုရီးယားရဲ့ Nuclear လက်နက်နဲ့ ပဲ့ထိန်းဒုံး အစီအစဉ်တွေအပေါ် အမေရိကန်က ပြတ်ပြတ်သားသား ဆက်လက် ရပ်တည်တဲ့အပေါ်မှာလည်း အမေရိကန်သမ္မတကို ဂျပန်ဝန်ကြီးချုပ်က ချီးကျူးခဲ့ပါတယ်။
Your browser doesn’t support HTML5