ကျူးဘားသမ္မတသစ် တင်မြှောက်

ကျုးဘားနိုင်ငံမှာ သမ္မတ Raul Castro နဲ့ သမ္မတသစ်အဖြစ် တင်မြှောက်ခံရတဲ့ Miguel Diaz-Canel ။

ကျုးဘားနိုင်ငံမှာ သမ္မတ Raul Castro ရဲ့ လက်ရုံးအဖြစ် ကာလကြာရှည် တာဝန်ယူခဲ့တဲ့ ဒုသမ္မတကို သမ္မတသစ် ရွေးချယ်လိုက်တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ကျုးဘားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကက်စထရိုမိသားစုဝင် မဟုတ်တဲ့သူ တယောက် သမ္မတ ဖြစ်လာပါပြီ။ အသက် ၅၇ နှစ်အရွယ် Miguel Diaz-Canel ကို ၅ နှစ် သမ္မတ သက်တမ်းအတွက် ရွေးချယ်လိုက်ကြောင်းလည်း နိုင်ငံပိုင် သတင်းက ကြေညာခဲ့ပါတယ်။

အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာဖို့ အချိန်အတော်ကြာ ကတည်းက မျှော်လင့်ထားကြပေမဲ့လည်း ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်မယ်လို့တော့ မျှော်လင့် မထားကြပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert ကတော့ ဒီမိုကရေစီ မဆန်တဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် သမ္မတ Donald Trump အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး ရလဒ်တွေအတွက် နိုင်ငံသားတွေ အနေနဲ့ ပြောရေးဆိုခွင့် ရှိဖို့လိုအပ်ပေမဲ့၊ အခုလုပ်ငန်းစဉ်မှာတော့ ဒီလိုအခြေအနေတွေ မတွေ့ရတာကြောင့် ဒီမိုကရေစီကျင့်စဉ်နဲ့ မညီကြောင်းပြောဆိုခဲ့တာပါ။ အမေရိကန် အစိုးရ အနေနဲ့ ပိုမိုလွတ်လပ်ပြီး ဒီမိုကရေစီဆန်တဲ့ ကျုးဘားနိုင်ငံကို မြင်တွေ့လိုပေမဲ့၊ အလွန်အကျွံ အကောင်းမြင်လို့ မဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတသစ်ဟာ ၅ နှစ်သမ္မတသက်တမ်း ၂ ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်တဲ့ Raul Castro နေရာမှာ တာဝန်ယူရမှာပါ။ လက်ရှိသမ္မတရဲ့ အစ်ကိုဖြစ်သူ Fidel Castro ကတော့ ၁၉၅၉ ခု ကျုးဘား လက်နက်ကိုင် တော်လှန်ရေးနောက်ပိုင်း ဝန်ကြီးချုပ်နဲ့ သမ္မတတွေအဖြစ် တာဝန်ယူခဲ့ပြီး၊ ကျန်းမာရေး မကောင်းတော့တဲ့အတွက် ၂၀၀၆ ခုနှစ်မှာ နိုင်ငံခေါင်းဆောင်အဖြစ်က အနားယူခဲ့ပါတယ်။

Your browser doesn’t support HTML5

ကျူးဘားသမ္မတသစ် တင်မြှောက်