ရခိုင်ပြည်နယ်တွင်းမှာ NVC ကဒ်ပြား ကိုင်ဆောင်ထားသူတွေကို အရင်တုန်းကလို ကန့်သတ် တားမြစ်ချက်တွေ မထားတော့ဘဲ လူဝင်မှုကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ပြီးတာနဲ့ သွားချင်တဲ့နေရာကို သွားလို့ရပြီလို့ ဧပြီလ ၁၉ ရက်၊ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သွားပါတယ်။ ဒီကိစ္စကို လက်တွေ့လုပ်ဆောင်နေပြီး ဒီအခွင့်အရေးကို ရတဲ့သူတွေ ရနေပါပြီလို့လည်း ဝန်ကြီးကပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sam Brownback ဟာ မကြာ သေးခင်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ပြုမူလုပ်ဆောင်ချက်တွေဟာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောထားတာကို သံအမတ်ကြီးက ထပ်ပြောသွားသလို ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ပြုစုနေတယ်လို့ ပြောပါတယ်။
“ရိုဟင်ဂျာလူထုအတွက် တရားမျှတမှုရဖို့ ကျနော်တို့ လုပ်သွားပါမယ်။ သူတို့တွေ ခံစားခဲ့ကြရတာ သိပ်ကိုကြီးမားလွန်းပါ တယ်။ ဂုဏ်သိက္ခရှိရှိ ဘေးကင်းစွာနဲ့ သူတို့နေရာတွေကို ပြန်ခွင့်ပြုဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်အောင် မြန်မာအစိုးရက လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးရင်းနဲ့ ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တရားဥပဒေနဲ့အညီဖြစ်အောင် လုပ်ဖို့လိုပါတယ်။” လို့ သံအမတ်ကြီး Brownback ကပြောပါတယ်။
အဲဒီလိုဖြစ်ဖို့အတွက် အမေရိကန်နိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ အပြင်းအထန် တွန်းအားပေးလုပ်ဆောင်သွားမယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်လာချင်တဲ့ ဒုက္ခ သည်တွေကို ပြန်လက်ခံဖို့လိုလားသလို အဆင်သင့်လည်းဖြစ်နေပြီး ပြန်လာသူတွေအနေနဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိမှုတွေလည်း ရရှိစေမှာဖြစ်ပါတယ်လို့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ ပြောသွားပါတယ်။
Your browser doesn’t support HTML5