ကျူးဘားသမ္မတသစ် Maguel Diaz Canel

ကျူးဘားသမ္မတသစ် Maguel Diaz Canel နဲ့ သမ္မတဟောင်း Raul Castro။ (ဧပြီလ ၁၉-၂၀၁၈)

ကျုးဘားနိုင်ငံမှာ မီဂွယ်Miguel Diaz-Canel ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ကွန်မြူနစ်ကျုးဘားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကက်စထရိုမိသားစုဝင် မဟုတ်တဲ့သူ တယောက် သမ္မတ ဖြစ်လာပါပြီ။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ Diaz-Canel ကို ၅ နှစ် သမ္မတ သက်တမ်းအတွက် ပြိုင်ဘက်မရှိပဲ ရွေးချယ်လိုက်ကြောင်းလည်း နိုင်ငံပိုင်သတင်းက ကြေညာခဲ့ပါတယ်။

အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာဖို့ အချိန်အတော်ကြာ ကတည်းက မျှော်လင့်ထားကြပေမဲ့လည်း ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်မယ်လို့တော့ မျှော်လင့် မထားကြပါဘူး။ ကြာသပတေးနေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ Diaz-Canel က သူဟာ Castro ရဲ့ ဆိုရှယ်လစ် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

သမ္မတ Raul Castro ရဲ့ လက်ရုံးအဖြစ် ကာလကြာရှည် တာဝန်ယူခဲ့တဲ့ ဒုသမ္မတဟောင်း Diaz-Canel ဟာ အယူဝါဒစွဲ သိပ်ပြင်းထန်ပုံမရပဲ အနားယူသွားတဲ့ ကျူးဘားတော်လှန်ရေး ခေါင်းဆောင်တွေ နေရာမှာ အစားထိုးဖို့ လက်ခံနိုင်လောက်သူလည်း ဖြစ်ပါတယ်။

သမ္မတသစ်ဟာ ၅ နှစ်သမ္မတသက်တမ်း ၂ ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်တဲ့ Raul Castro နေရာမှာ တာဝန်ယူရမှာပါ။ လက်ရှိသမ္မတရဲ့ အစ်ကိုဖြစ်သူ Fidel Castro ကတော့ ၁၉၅၉ ခု ကျုးဘား လက်နက်ကိုင် တော်လှန်ရေးနောက်ပိုင်း ဝန်ကြီးချုပ်နဲ့ သမ္မတတွေအဖြစ် တာဝန်ယူခဲ့ပြီး၊ ကျန်းမာရေး မကောင်းတော့တဲ့အတွက် ၂၀၀၆ ခုနှစ်မှာ နိုင်ငံခေါင်းဆောင်အဖြစ်က အနားယူခဲ့ပါတယ်။

သူ့ကို သမ္မတတာဝန် လွဲပေးခဲ့ပေမယ့် Raul Castro နဲ့ တခြားတော်လှန်ရေး ခေါင်းဆောင်တွေက ပါတီမှာ သူတို့အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားမယ်လို့ မျှော်လင့်ရပါတယ်။ ကွန်မြူနစ်ပါတီမှာ Castro ကပဲ ခေါင်းဆောင်တာဝန်ကို ယူထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပါတီခေါင်းဆောင် နေရာကို Diaz-Canel သမ္မတတာဝန် ၂ နှစ်လောက် ယူပြီးချိန်မှာ ရလာနိုင်တယ်လို့ Castro က လွှတ်တော်မှာပြောကြား ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကျူးဘားသမ္မတသစ် Maguel Diaz Canel