မြန်မာနိုင်ငံက အကြမ်းဖက်အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို စနေနေ့က ရောက်သွားကြပါပြီ။
သံကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီသံကိုယ်စားလှယ်အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ကိုယ်စားလှယ်တွေပါဝင်ပါတယ်။
ဒီခရီးစဉ်သွားရောက်ရေးကိစ္စ လုံခြုံရေးကောင်စီမှာ အားလုံး တညီတညွတ်ထဲ ရှိကြပေမဲ့လည်း ကောင်စီအနေနဲ့ ဘယ်လို ပါဝင် ပတ်သက်သင့်တယ် ဆိုတဲ့အပေါ်မှာတော့ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့က ရပ်ခံပြောဆိုတာတွေ ရှိထားပါတယ်။
ဒုက္ခသည်တွေကို မူရင်းနေရာတွေ ပြန်ပို့ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူထားပြီး ဖြစ်ပေမဲ့လည်း အတင်းအကျပ်ပြန်ပို့ခံရမှာနဲ့ မြန်မာနိုင်ငံမှာ ဘေးရန်မကင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာကို အကူအညီပေး လုပ်သားတွေနဲ့ ဒုက္ခသည်တွေကိုယ်တိုင်က စိုးရိမ်နေကြတာပါ။
“ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဘယ်လို အရှိန်မြှင့် လုပ်ဆောင်နိုင်မယ် ဆိုတာ ကျနော်တို့ ကြည့်ရပါမယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး Mansour Ayyad Al-Otaibi က ပြောပါ တယ်။
“မြန်မာနိုင်ငံအပေါ်ဖိအားပေးပြီး ဒုက္ခသည်တွေ ပြန်ပို့ရေးလုပ်ငန်း အပြည့်အဝ စတင်နိုင်ရေး အခြေအနေတခု ဖန်တီးခြင်းအားဖြင့် ဒီကောင်စီအနေနဲ့ အပြောင်းအလဲဖြစ်လာအောင် လုပ်ဆောင်နိုင်ပါတယ်၊ သူ့မှာ သြဇာအရှိန်အဝါရှိပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ယာယီနိုင်ငံခြားရေးဝန်ကြီး M. Khurshed Alam က ပြောပါတယ်။
လုံခြုံရေးကောင်စီ သံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Shiekh Hasina နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသလို မြန်မာနိုင်ငံ ရောက်ရင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုသွားဖို့အစီအစဉ် လည်းရှိပါတယ်။