ထိုင်းပြည်ပြေး ဝန်ကြီးချုပ်ဟောင်းကို လွဲှပေးဖို့ ဗြိတိန်ထံတောင်းဆို

ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်တုန်းက စစ်တပ်ကအာဏာသိမ်း ဖယ်ရှားပြီး၊ အစိုးရကို အုပ်ချုပ်စဉ်မှာ ပေါ့ဆမှုအတွက် မျက်ကွယ်မှာ ထောင်ဒဏ် စီရင်ချက်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို နေရပ်ရင်း ပြန်လည်လွဲှပြောင်းပေးဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck ကတော့ ဒေါ်လာသန်းထောင်ချီ ဆုံးရှုံးခဲ့ရတဲ့ အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်နဲ့ ပတ်သက်လို့ ထောင်ဒဏ် ကျခံရမှာကို ရှောင်ရှားတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာပဲ ပြည်ပကို တိမ်းရှောင်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်းကို ထိုင်းတရားရုံးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ မျက်ကွယ်မှာ ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချမှတ်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck ကတော့ သူ့အနေနဲ့ အမှားအယွင်းလုပ်မိတာ မရှိကြောင်းနဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေကြောင်း ပြောဆိုထားတာပါ။ ထိုင်းဝန်ကြီးချုပ် Prayuth ကတော့ ရာဇဝတ်မှု မကင်းသူတွေကို ပြန်ပို့ရေး ၂ နိုင်ငံကြား သဘောတူညီချက်အရ ဝန်ကြီးချုပ်ဟောင်းကို ပြန်လည်လွဲှပြောင်းပေးဖို့ တောင်းခံရတာဖြစ်ကြောင်း ပြောပါတယ်။

ပြည်ပမှာ ရောက်နေသူတွေကို ထိုင်းနိုင်ငံက လိုက်လံဖမ်းဆီးလို့ မရနိုင်တဲ့အတွက် ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးဖို့ဟာ သက်ဆိုင်ရာ တိုင်းပြည် အပေါ်မှာ မူတည်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း Yingluck နဲ့ အကိုဖြစ်သူ Thaksin Shinawatra တို့ဟာ ကျေးလက်ဒေသရဲ့ ထောက်ခံမှု ရခဲ့ကြပြီး၊ အစဉ်အလာအားဖြင့် ဘုရင်ကိုသစ္စာခံသူတွေ၊ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အားပြိုင်ခဲ့ကြတဲ့ ဆယ်စုနှစ် တခုကျော်ကြာ ထိုင်းနိုင်ငံရေး အကျပ်အတည်းမှာ အဓိက အခန်းကဏ္ဍမှာ နေရာယူခဲ့ကြသူတွေလည်း ဖြစ်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ထိုင်းပြည်ပြေး ဝန်ကြီးချုပ်ဟောင်းကို လွဲှပေးဖို့ ဗြိတိန်ထံတောင်းဆို