အီရန်နဲ့တွေ့ဆုံဖို့ အသင့်ရှိဟု ကန် သမ္မတပြောဆို

အီတလီဝန်ကြီးချုပ် Giuseppe Conte နဲ့ အမေရိကန်သမ္မတ Donald Trump ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ( ဇူလိုင် ၃၀-၂၀၁၈)

အီရန်နိုင်ငံနဲ့ တိုက်ရိုက်စကားပြောဖို့ အသင့်ရှိနေကြောင်း မနေ့တုန်းက အီတလီဝန်ကြီးချုပ် Giuseppe Conte နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ အီရန်သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိ-မရှိ သတင်းထောက် တယောက်ရဲ့ အမေးကို သမ္မတ Trump က တုန့်ပြန်ဖြေကြားရာမှာ၊ တွေ့ဆုံဆွေးနွေးမှုတွေကို ယုံကြည်ကြောင်းနဲ့ အထူးသဖြင့် စစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ၊ လူတွေသေကျေတာ၊ မိုးခေါင်ရေရှား ကပ်ဘေးသင့်တာမျိုးတွေလို ကိစ္စမျိုးတွေမှာ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အကျိုးမယုတ်နိုင်ကြောင်း သမ္မတ Trump က ပြောဆိုလိုက်တာပါ။

အမေရိကန် အကျိုးစီးပွားအပေါ် ရန်လိုတဲ့ သဘောထားရှိသူတွေနဲ့ သံတမန်ရေးအရ တိုက်ရိုက်ဆက်ဆံတဲ့ နမူနာတွေ အဖြစ်နဲ့လည်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရုရှားသမ္မတ Vladimir Putin တို့နဲ့ မကြာသေးခင်တုန်းက တယောက်ချင်း တွေ့ဆုံခဲ့တာကိုလည်း ကိုးကားပြောဆိုခဲ့ပါတယ်။ ဒီအတွက် အီရန်ဘက်က လက်ခံမယ်ဆိုရင် တွေ့ဆုံဖို့ ဆန္ဒရှိပေမဲ့၊ အီရန်နိုင်ငံက အသင့်ဖြစ်မဖြစ်ဆိုတာတော့ မသိသေးကြောင်းလည်း ပြောဆိုခဲ့တာပါ။ အီရန်ဘက်က တွေ့ဆုံဖို့လက်ခံခဲ့မယ်ဆိုရင် ကြိုတင်သတ်မှတ်ချက်တွေ မထားပဲ တွေ့ဆုံမယ်လို့လည်း ပြောပါတယ်။

အမေရိကန်ရုပ်သံ CNBC ကနောက်ပိုင်းမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ အီရန်အစိုးရအနေနဲ့ လူထုအပေါ် ပြုမူဆက်ဆံမှုတွေကို အခြေခံကျကျ ပြောင်းလဲပြီး၊ ရန်လိုတဲ့ အပြုအမူတွေကို လျှော့ချမယ်ဆိုရင်၊ သမ္မတ Trump အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားသလို၊ နျူကလီးယားပျံ့ပွားမှုကို ဟန့်တားနိုင်မယ့် သဘောတူညီချက်တရပ်အတွက် ဆွေးနွေးဖို့လည်း အကျိုးရှိလိမ့်မယ်လို့ လက်ခံထားတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံဘက်ကတော့ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံကြား သဘောတူခဲ့တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို အမေရိကန်က ပြန်လည် လက်ခံမှသာ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် လမ်းပွင့်လာမှာဖြစ်ကြောင်း တုန်ပြန်ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

အီရန်နဲ့တွေ့ဆုံဖို့ အသင့်ရှိဟု ကန် သမ္မတပြောဆို