ခရိုင်းမီးယားပစ်ခတ်မှု လူ ၁၉ ဦးသေဆုံး

Kerch shooter

ခရိုင်းမီးယားဒေသက စက်မှုသင်တန်းကျောင်းမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၉ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ သေနတ်သမားဟာ ပင်လက်နက်ဒေသက Kerch မြို့ စက်မှုကောလိပ်က စတုတ္ထတန်းကျောင်းသား Vladislav Roslyakov ဆိုသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

သေနတ်သမားကိုတော့ နောက်ပိုင်းမှာ သူ့ကိုယ်သူ အဆုံးစီရင်ပြီး သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ Kerch Polytechnic ကောလိပ်ကျောင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ကျောင်းဝင်းထဲမှာ မြင်သမျှလူတွေကို သေနတ်သမားက ပစ်ခတ်ခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးသူတွေနဲ့ ကောလိပ်ကျောင်း ညွှန်ကြားရေးမှူးက ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားပိုင်အဖြစ် သွတ်သွင်းခဲ့တဲ့ ခရိုင်းမီးယားဒေသရဲ့ ခေါင်းဆောင် Sergei Aksyonov ကတော့ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ၊ ဆရာတွေကို သွေးအေးအေးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

သေဆုံးသူအများစုဟာ ကျောင်းသားတွေ ဖြစ်ကြောင်းလည်း ဒေသခံစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူ အမျိုးသမီးက Tass သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဒဏ်ရာရသူ ၅၃ ယောက်အနက် စိုးရိမ်ရသူ ၁၂ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။ ရုရှားသမ္မတ Vladimir Putin က အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှုအဖြစ် ပြောဆိုပြီး၊ စနစ်တကျ စုံစမ်းစစ်ဆေးဖို့နဲ့ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဝမ်းနည်းစကားပါးခဲ့ကြောင်းလည်း ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov က ပြောဆိုခဲ့တာပါ။ သမ္မတ Putin ကတော့ တိုက်ခိုက်မှုမှာ တယောက်မက ပါဝင်ပတ်သက်နိုင်ပြီး ကျုးလွန်တဲ့ အကြောင်းရင်းကို သိနိုင်အောင် စုံစမ်းစစ်ဆေးသူတွေ ကြိုးပမ်းနေကြောင်းလည်း မနေ့တုန်းက မော်စကိုမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ခရိုင်းမီးယားပစ်ခတ်မှု လူ ၁၉ ဦးသေဆုံး