အမေရိကန်မှာ ပါဆယ်ဗုံးတွေပို့သူ Cesar Sayoc

အမေရိကန်မှာ ပါဆယ်ဗုံးတွေပို့သူ Cesar Sayoc ကို FBI တို့ ဖမ်းဆီးလာစဉ်၊ အောက်တိုဘာ ၂၆၊ ၂၀၁၈။

အမေရိကန်နိုင်ငံနေရာအတော်များများကို လက်လုပ်ဗုံးတွေကို စာတိုက်ကနေပေးပို့ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ Cesar Sayoc ဆိုသူဟာ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ဖူးတဲ့ နောက်ခံသမိုင်း နှစ်ပေါင်းများစွာရှိထားသူဖြစ်ပြီး ဒီမိုကရက်ခေါင်းဆောင်တွေကို ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်သူလည်းဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ Aventura မြို့က အသက် ၅၆ နှစ်အရွယ် Cesar Sayoc ကို ဖက်ဒရယ် ရာဇဝတ်မှု ငါးမှုနဲ့ တရားစွဲထား ကြောင်း ရှေ့နေချုပ် Jeff Sessions ကပြောပါတယ်။ ပြစ်မှုတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေကို စာတိုက်ကနေ တရားမဝင် ပေးပို့မှုနဲ့ အမေရိကန်သမ္မတဟောင်းတွေကို ခြိမ်းခြောက်မှုတွေ ပါဝင်ပါတယ်။ ဒီပြစ်မှုတွေအတွက် အပြစ်ရှိတယ်ဆိုတာ ထင်ရှားရင် ထောင်ဒဏ် ၄၈ နှစ်ထိ ကျခံရနိုင်တယ်လို့လည်း ရှေ့နေချုပ် Sessions ကပြောပါတယ်။

Sayoc ကို ဖလော်ရီဒါပြည်နယ် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက အကြိမ်တဒါဇင်နီးပါးဖမ်းဆီးခဲ့ဖူးပြီး အဲဒီထဲမှာ ၂၀၀၂ ခုနှစ်က ဗုံးခွဲတိုက်ခိုက်မယ့် ခြိမ်းချောက်မှုလည်းပါဝင်ပါတယ်။ သူအသက် ၂၉ နှစ်အရွယ်မှာ လုယက်မှုနဲ့ပထမဆုံးအဖမ်းခံခဲ့ရတာပါ။ သူ့ကိုစွဲဆိုခဲ့တဲ့အခြားအမှုတွေထဲမှာ ခိုးမှု၊ လိမ်လည်မှု နဲ့ steroid ဟော်မုန်းဆေးတွေ တရားမဝင် ပိုင်ဆိုင်မှုလည်းပါဝင်ပါတယ်။ Sayoc ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သမ္မတ Donald Trump ရဲ့ နိုင်ငံရေး ရန်ဘက်တွေကို တိုက်ခိုက်တာမျိုးတွေကို တင်ထားတာပါ။ ဖလော်ရီဒါပြည်နယ် မဲဆန္ဒရှင်မှတ်တမ်းအရ၂၀၁၆ ခုနှစ်မှာ ရီပတ်ဘလစ်ကန်အဖြစ် သူ စပြီးမဲပေးခဲ့ပါတယ်။ Sayoc ဟာ သမ္မတ Trump ကို လှိုက်လဲစွာ ထာက်ခံသူဖြစ်တယ်လု့ိ သူ့ရဲ့ မိတ်ဆွေတဦးက VOA ကိုပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်မှာ ပါဆယ်ဗုံးတွေပို့သူ Cesar Sayoc