သမ္မတ Bush ကွယ်လွန်မှု ဒီဇင်ဘာ ၅ ဝမ်းနည်းခြင်းနေ့သတ်မှတ်

A flock of geese flies past an American flag at half-staff over the White House, Saturday, Dec. 1, 2018, in Washington. (AP Photo/Jacquelyn Martin)

အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတ George H.W. Bush ကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင်္ဘာ ၅ ရက်နေ့ကို တနိုင်ငံလုံး ဝမ်းနည်းပူဆွေးခြင်းရက် သတ်မှတ်ပြီး ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းမှာ အခမ်းအနားကျင်းပမှာပါ။ နိုင်ငံတော်ဈာပနခမ်းအနား ကျင်းပဖို့အတွက်လည်း လိုအပ်တာတွေ အားလုံးစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ ဈာပနအခမ်းအနားကို သမ္မတ Donald Tump တက်ရောက်မှာဖြစ်တယ်လို့ အိမ်ဖြူတော်က ဒီကနေ့ ကြေညာပါတယ်။

ကွယ်လွန်သွားတဲ့ အမေရိကန်သမ္မတဟောင်း George H.W. Bush အတွက် အမေရိကန်နဲ့ ကမ္ဘာတဝှမ်းက အထင်ကရပုဂ္ဂိုလ်တွေက အမှတ်တရ အထိမ်းအမှတ် ချီးကျူးဂုဏ်ပြုထုတ်ဖေါ် ပြောဆိုကြပါတယ်။ George H.W. Bush ဟာ စံမနမူနာယူထိုက်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး သား သမီးတွေအတွက် အကောင်းဆုံး ဖခင်တဦးဖြစ်တယ်လို့ သားဖြစ်သူ သမ္မတဟောင်း George W. Bush က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ သမ္မတ Donald Trump နဲ့ ဇနီး Melania ကလည်း ၄၁ ယောက်မြောက် အမေရိကန်သမ္မတ Bush ဟာ လူထုအကျိုးပြုလုပ်ငန်းတွေမှာ မျိုးဆက်တွေနဲ့ချီပါဝင်လာအောင် လှုံ့ဆော်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ကြောင်းနဲ့ ကမ္ဘာကြီးမှာ အမေရိကန်ပြည်ထောင်စုရဲ့စွမ်းအား၊ မျှော်လင့်ချက်နဲ့ အခွင့်အရေးတွေ ပေါကြွယ်ဝတဲ့ နိုင်ငံ့ပုံရိပ်ကို အထင်အရှားပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း Jimmy Carter နဲ့ ဇနီး Rosalynn ကလည်း Mr. Bush ကွယ်လွန်တဲ့အတွက် အထူးဝမ်းနည်းကြောင်းနဲ့ သူ့အစိုးရအဖွဲ့ရဲ့အကောင်းဆုံးစွမ်းဆောင်ချက်တွေကို ထုတ်ဖေါ်ချီးကျူးပါတယ်။ သမ္မတ Barack Obama နဲ့ ဇနီး Michell တို့ကလည်း ပူးတွဲကြေညာချက်ထုတ်ပြီး သမ္မတ Bush ရဲ့ လူထုအကျိုးပြုလုပ်ငန်းဟာ မြင့်မြတ်တဲ့ အလုပ်တခုဖြစ်တယ်။ အထူးပျော်ရွှင်စရာကောင်းတဲ့ အကြောင်းအရာတွေနဲ့ လွှမ်းခြုံနေတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှုရှိတယ်ဆိုပြီး ဂုဏ်ပြုပြောဆိုပါတယ်။ သမ္မတ Bill Clinton နဲ့ ဇနီး ဟီလာရီကလင်တန်တို့ကလည်း သမ္မတ Bush လို နိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ အနည်းငယ်သာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းခဲ့သူ၊ အမေရိကန်လွှတ်တော်အမတ်နဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့သလို CIA ဗဟိုထောက်လှမ်းရေးအကြီးအကဲ၊ ဒုသမ္မတ အဖြစ်လည်း တာဝန်ယူခဲ့သူ၊ စစ်အေးခေတ်နောက်ပိုင်း ပိုငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။