သတင်းသမားတွေ သတ်ခံရမှု တိုးများလာ

ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းထောက်တွေ နဲ့ သတင်းမီဒီယာတွေမှာ လုပ်ကိုင်နေသူတွေ အသတ်ခံရမှုဟာ အခု ၂၀၁၈ ခုနှစ်အတွင်းမှာ တိုးလာခဲ့တယ်လို့ ဘယ်လ်ဂျီယမ်အခြေစိုက် နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် (IFJ) က ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာ သတင်းသမားတွေ အသတ်ခံရမှု ကျဆင်းခဲ့ပေမယ့်၊ အခုနှစ်မှာ ပြန်ပြီးတော့ တက်လက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ အခု၂၀၁၈ အတွင်း အသတ်ခံရတဲ့ သတင်းမီဒီယာ သမားပေါင်းဟာ ၉၄ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာပြော ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက်စာရင် ၁၂ ယောက် ပိုများလာခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၂ တုန်းကတော့ ၁၂၁ ယောက် အသတ်ခံခဲ့ရပြီး၊ ၂၀၀၆ မှာတော့ ၁၅၅ ယောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွင်း သတင်းသမားတွေ အသေအပျောက်အများဆုံးနိုင်ငံကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး ၊ စုစုပေါင်း သတင်းသမား ၁၆ ယောက်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံက ၁၁ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရီမင်နိုင်ငံမှာ ၉ ယောက် ၊ ဆီးရီးယားနိုင်ငံမှာ ၈ ယောက်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ၅ ယောက်ဖြစ်ပြီး ဆဌမအများဆုံးဖြစ်ပါတယ်။ သတင်းသမားတွေအသတ်ခံရတာဟာ သတင်းသမားတွေ သေဆုံးတာတင်မဟုတ်ဘဲ၊ အမှန်တရား ရှာဖွေဖော်ထုတ်တဲ့နေရာမှာလည်း ထိခိုက်တယ်လို့ IFJ ဥက္ကဋ္ဌက ပြောပါတယ်။ သတင်းသမားတွေဟာ မျက်မြင်သက်သေတေ ဖြစ်တာကြောင့် ပစ်မှတ်ထားခံရတာ ဖြစ်တယ်လို့ သူက အေပီသတင်းကို ပြောပါတယ်။ ၂၀၁၈ အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရမှု၊ ဗုံးခွဲတိုက်ခိုက်မှု နဲ့ အပြန်အလှန်ပစ်ခတ်မှု အတွင်း သေဆုံးတဲ့ သတင်းသမားတွေဟာ ၉၄ ယောက်ရှိတယ်လို့လည်း ဒီအဖွဲ့ရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

Your browser doesn’t support HTML5

သတင်းသမားတွေ သတ်ခံရမှု တိုးများလာ