အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန်ဟာ ပုန်းအောင်းနေပြီး၊ အနောက်နိုင်ငံ တခုခုမှာ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် တယောက်က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား သံအမတ်ကြီး Jo Song Gil နဲ့ ဇနီးဖြစ်သူတို့ဟာ တစုံတရာ အကြောင်းကြားတာမရှိဘဲ နိုဝင်ဘာလကတည်းက ရောမမြို့က သံရုံးကနေ ထွက်သွားတဲ့အကြောင်း တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် Kim Min-ki က ပြောဆိုလိုက်တာပါ။
မြောက်ကိုရီးယား သံတမန်ဟာ အနောက်နိုင်ငံ တနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံထားပြီး၊ လတ်တလော အီတလီ အစိုးရရဲ့ အကာအကွယ်အောက်မှာ ရှိနေကြောင်းလည်း တောင်ကိုရီးယားသတင်းစာ JoongAng Ilbo ကဖော်ပြပါတယ်။ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းမှာ သြဇာအရှိန်အဝါ ကြီးမားသူ တဦးအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အတွက်တော့ မြောက်ကိုရီးယား သံတမန်ရဲ့ ဘက်ပြောင်းမှုကြောင့် အရှက်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
အသက် ၄၈ နှစ်အရွယ် မြောက်ကိုရီးယား သံတမန်ဟာ အီတလီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ၂၀၁၇ အောက်တိုဘာလကတည်းက တာဝန်ယူခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ခဲ့တဲ့အတွက် အီတလီနိုင်ငံက နှင်ထုတ်ခဲ့တဲ့ မြောက်ကိုရီးယား သံအမတ်ကြီး Mun Jong Nam နေရာမှာ အစားထိုး တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
အီတလီဆိုင်ရာ မြောက်ကိုရီယားသံအမတ် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေ