ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဘော်စဲခိုကျေးရွာအနီး ဘော်စဲခို- လွယ်မူ ပလောလမ်း၊ ဘော်စဲခို- ယွန်းစလင်းလမ်းတွေအနီးမှာ သတ်မှတ်ထားတဲ့နယ်မြေနဲ့ တိုးချဲမူတွေလုပ်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ(၅)ရဲ့ လက်အောက်ခံတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက်က ပြောဆိုခဲ့ပါတယ်။ မြန်မာတပ်မတော်ဘက်ကလည်း KNU အဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ဆောင်ရွက်နေမှု လုပ်ငန်းများကို နှောင့်ယှက် ပစ်ခတ်မှုများ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဘော်စဲခိုကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေးတို့ အတွက် ဘော်စဲခို- လွယ်မူပလောလမ်း၊ ဘော်စဲခို- ယွန်းစလင်းလမ်း တို့ကို တပ်မတော်ဘက်က လမ်းဖောက်လုပ်နေတာနဲ့ ပတ်သက်လို့ကေအန်ယူတပ်မဟာ ၅ ဘက်က သတ်မှတ်ထားတဲ့ နယ်မြေထက် ကျော်လွန်ခဲ့တယ်ဆိုပြီး ထိတွေ့ပစ်ခတ်မူရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ၅ တပ်ရင်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူးစောကလဲဒိုကအခုလိုပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေးကာလမှ ာသူတို့နေရာမယ့် နေရာနဲ့ သူတို့သွားလာရမယ့် လမ်းကြောင်း ဧရိယာကိုအစကတည်းက သတ်မှတ်ပြီးသား ပဲလေ သူတို့က အဲဒီထက်ကျော်လွန်ပြီး သွားတဲ့အပေါ်မှာ ဒီဘက်နဲ့ တိုက်ပွဲငယ်လေးတွေ ဖြစ်တာပေါ့ "
တပ်မတော်ဘက်တော့ နှစ်စဉ်လမ်းဖောက်လုပ် ပြုပြင်တာတွေ အုပ်ချုပ်မှု ကိစ္စများ ကို ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း KNU အဖွဲ့သို့ အကြောင်းကြားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဘော်စဲခို- လွယ်မူပလောလမ်း ပြုပြင် ဖောက်လုပ်နေတဲ့ မြေထိုးစက်ကို လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ ဝင်များကို KNU အဖွဲ့မှ အင်အား၄ ဦးခန့် နဲ့ လာရောက်ပစ်ခတ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့ မှာတော့ ဘော်စဲခိုကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်ခန့်အ ကွာအရောက်မှာ KNU အဖွဲ့က ထောင် ထားတဲ့ ကားမိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့ပြီး တစ်ပြိုင်နက် KNU အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ကြီးလက်နက်ငယ်များနဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပြီး ဒီဖြစ်စဉ်မှာ တပ်မတော်ဘက်က စစ်သည်တစ်ဦး ကျဆုံးခဲ့ပြီး မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ် ။
ကေအန်ယူဘက်ကတော့ တိုက်ပွဲဖြစ်တာ မှန်ကန်တယ်ဆိုတာကို အတည်ပြုပြီး အကျအဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ နယ်မြေချဲ့ထွင်မူတွေလုပ်လာရင်တော့ဆက်ပြီး ထိတွေ့တိုက်ပွဲတွေဖြစ်နိုင်သေးကြောင်းပြောပါတယ်။
"သူတို့က အမြဲတမ်းပဲ လမ်းကြောင်းသတ်မှတ်ချက်ထက် ကျော်လွန်ပြီးတော့လှုပ်ရှ ားနေမယ်ဆိုရင်တော့ ရှေ့ ဆက်ထိတွေ့မူတွေဖြစ်ဖို့အလားအလာတွေတော့ရှိနေမှာပဲ"
ပြီးခဲ့တဲ့နှစ် ကတည်း တပ်မတော်ဘက်က ကေအန်ယူတပ်မဟာ ၅ တပ်မဟာ ၆ တပ်မဟာ ၂တို့နဲ့လည်း ထိတွေ မူတွေ ရှိခဲ့ပါတယ်။ တပ်မဟာ ၅ဘက်ကတော့ မြန်မာတပ်မတော်က သူတို့နယ်မြေအတွင်း စစ်ရေးပြင်ဆင်မူတွေနဲ့ လမ်းဖောက်လုပ်မူတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တဲ့ တပ်မဟာလည်းဖြစ်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း မြန်မာတပ်မတော်နဲ့ ကေအန်ယူတပ်မဟာ ၅တို့ဟာတိုက်ပွဲတွေ ရှိခဲ့ပါတယ်။မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြိး ၂၀၁၅ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
Your browser doesn’t support HTML5