အိန္ဒိယနိုင်ငံထဲကို မှောင်ခိုခိုးသွင်းလာတဲ့ ရွှေချောင်းတွေမှာ မူလရွှေထွက်တဲ့ နိုင်ငံရဲ့ အမှတ်တံဆိပ်တွေကို ဖျက်ဆီးထားတာ တွေ့ရတဲ့ အတွက် ဘယ်နိုင်ငံထွက်ရွှေဆိုတာ ခြေရာကောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိန္ဒိယ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံထဲ အဝင်မှာ ပေးရတဲ့အခွန်ကို ရှောင်ဖို့အတွက် အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ အနောက် ဘင်္ဂလား နယ်စပ်မှာ မြန်မာတွေက အမှတ်တံဆိပ်တွေ ကိုဖျက်ပေးတဲ့ ရွှေချွတ်တဲ့လုပ်ငန်းတွေ လုပ်နေကြတယ်လို့လည်း အိန္ဒိယအစိုးရ ပြည်တွင်းဝင်ငွေဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ DRI က တာဝန်ခံအရာရှိတွေက ပြောပါတယ်။
တရားမဝင်ခိုးသွင်းနိုင်အောင် ရွှေချွတ်တဲ့ လုပ်ငန်းတွေကို နိုင်ငံတကာအတိုင်းအတာနဲ့ တားဆီးနိုင်ရေးအတွက် အသေအချာ စုံစမ်းပေးဖို့ DRI အဖွဲ့က ကမ္ဘာ့ရွှေကောင်စီ WGC ကို တိုင်တန်းထားတယ်လို့လည်း DRI အကြီးတန်း အရာရှိ တဦးက အိန္ဒိယစီးပွါးရေး စာစောင်ကို ပြောပါတယ်။
အခုလို အိန္ဒိယနိုင်ငံထဲ ရွှေမှောင်ခို ခိုသွင်းမှုကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံတကာ မှောင်ခိုဂိုဏ်း တခု ရှိနေနိုင်တယ် လို့လည်း DRI အရာရှိကပြောပါတယ်။ အိန္ဒိယ- မြန်မာ ၂ နိုင်ငံနယ်စပ်မှာ မဏီပူနယ်ထဲက ကီလိုမီတာ ၄၀၀ ကျော်နယ်နိမိတ်တလျှောက် အတားအဆီး သိပ်မရှိပဲ နယ်စပ်မိုရေးမြို့ကနေ လွတ်လပ်စွာ ဝင်ထွက်နိုင်တဲ့အတွက် မှောင်ခိုဂိုဏ်းက ဒီလမ်းကို ရွှေမှောင်ခိုလုပ်ဖို့ အသုံးချနိုင်တယ် လို့လည်း သံသယဖြစ်နေကြတာပါ။
အခုဘဏ္ဍာရေးနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မှောင်ခိုရွှေစုစုပေါင်း က တန်ချိန် ၃ တန်ခွဲလောက်နဲ့ ရွှေလက်ဝတ်ရတနာက ရူပီငွေ ကုဋေ တထောင်ကျော်ဖိုး လောက်ရှိနိုင်တယ်လို့လည်း အရာရှိတွေက ခန့်မှန်းကြပါတယ်။ ဖမ်းမိရွှေအားလုံးရဲ့ ၂၅ % ဟာ Kolkata, Siliguri, Guwahati နဲ့ အာသံ အပါအဝင် အရှေ့မြောက်ဒေသတွေက ဖြစ်ပါတယ်။ ရွှေချောင်းတွေကို အိန္ဒိယနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံတွေကနေ အိန္ဒိယထဲ မှောင်ခို ခိုးသွင်းမယ်လို့ ယုံကြည်ကြပါတယ်။
Your browser doesn’t support HTML5