စင်္ကာပူလူဝင်မှုကြီးကြပ်ရေး မြန်မာအမျိုးသမီး ၁ ဦးနဲ့ မလေးရှား ၄ဦး ဖမ်းဆီး

စင်္ကာပူနိုင်ငံကနေ မြန်မာအမျိုးသမီး တဦးကို ခိုးထုတ်ဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသား ၄ ယောက် ကို စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်စစ်ဆေးရေး အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ The Straits Times သတင်းမှာ ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က Woodlands စစ်ဆေးရေးဂိတ်မှာ မလေးရှားလိုင်စင်နံပတ်ပြားနဲ့ ကားပေါ်မှာ စင်္ကာပူကနေ မလေးရှားကို ခိုးထုတ်ဖို့ ခေါ်လာတဲ့ မြန်မာအမျိုးသမီးကို ဖမ်းမိခဲ့တာဖြစ်ကြောင်း ICA လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်စစ်ဆေးရေး အာဏာပိုင်တွေက မတ်လ ၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ပထမကားမှာ ကားမောင်းသူက အသက် ၄၂ နှစ်အရွယ် မလေးရှား အမျိုးသမီးနဲ့ ခရီးသည် မလေးရှားအမျိုးသမီး တဦးလိုက်ပါလာပြီး သူတို့ကားအနောက်ဖက် ပစ္စည်းထည့်ခန်းထဲမှာ ပုန်းနေတဲ့ မြန်မာအမျိုးသမီးတဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးမှာ ခရီးသွားဖို့စာရွက်စာတမ်း၊ မှတ်ပုံတင်ကပ်ပြား မပါပါဘူး။

သူတို့ကို စစ်ဆေးနေစဉ် မလေးရှားလိုင်စင်နံပတ်ပြား နဲ့ နောက်ကားတစီးကို စက်သတ်မထားပဲ မသင်္ကာစရာတွေ့ရတဲ့အတွက် ထပ်မံစစ်ဆေးရာ မှာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် စစ်ဆေးရေးဂိတ်ကို ပိတ်ပစ်ခဲ့ရတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အဲဒီကားကို မောင်းသူက မလေးရှား အမျိုးသား တဦဖြစ်ပြီး သူနဲ့အတူ ခရီးသည်အမျိုးသမီးတယောက်လည်း ပါပါတယ်။

မြန်မာအမျိုးသမီးကို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၉ နှစ်ကနေ ၄၂ နှစ်အတွင်းရှိတဲ့ မလေးရှား နိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ကို တရားမဝင် ခိုးထုတ်မှုနဲ့ စနေနေ့က စွဲချက်တင်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးကိုတော့ တရားမဝင်ခိုးဝင်မှုနဲ့ တရားမဝင် ခိုးထွက်ဖို့ ကြိုးစားမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားမဝင် ဝင်ရောက်မှုဟာ ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၃ ချက် ဖြစ်ပြီး တရားမဝင် ခိုးထွက်မှု အတွက် ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၁၀၀၀ ဖြစ်စေ ထောင်ဒဏ် ၆ လ ဖြစ်စေ ဒါမှမဟုတ် ၂ ခုစလုံး ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ကိုတော့ ကြိမ်ဒဏ်မပေးပါဘူး။ စင်္ကာပ့ူကနေ တရားမဝင်ခိုးထုတ်မှုကျူးလွန်သူတွေကိုတော့ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ် အထိနဲ့ ကြိမ်ဒဏ် အနည်းဆုံး ၃ ချက် ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာမှာသုံးတဲ့ ကားတွေကိုတော့ သိမ်းဆည်းမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စင်္ကာပူလူဝင်မှုကြီးကြပ်ရေး မြန်မာအမျိုးသမီး ၁ ဦးနဲ့ မလေးရှား ၄ဦး ဖမ်းဆီး