ကန်နိုင်ငံခြားရေးဝန်ကြီး ဗင်နီဇွဲလားနယ်စပ်သွားမည်

U.S. Secretary of State Mike Pompeo attends a news conference

ဧပြီ ၁၄၊ ၂၀၁၉။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဟာ ကိုလံဘီယာ နယ်စပ်မြို့ Cucuta မှာ ထွက်ပြေးလာတဲ့ ဗင်နီဇွဲလား ဒုက္ခသည်တွေကို ဒီကနေ့ တနင်္ဂနွေ သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဗင်နီဇွဲလား သမ္မတ Nicolas Maduro အစိုးရကို လက်မခံတဲ့ သမ္မတ Trump ရဲ့ ရပ်တည်ချက်ကို ထောက်ခံတဲ့ အနေနဲ့ ဝန်ကြီး Pompeo က လတ်တလောမှာ တောင်အမေရိကတိုက် နိုင်ငံတွေကို သွားရောက်ခဲ့တာပါ။ ဝန်ကြီး Pompeo ဟာ စနေနေ့ကလည်း ပီရူးနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ Martin Vizcarra နဲ့ နိုင်ငံခြားရေး ဝန်ကြီး Nestor Popolizio တို့နဲ့တွေ့ဆုံပါတယ်။ ပီရူးနိုင်ငံက သန်းနဲ့ချီတဲ့ ဗင်နီဇွဲလား ဒုက္ခသည် ၄ ပုံ ၃ ပုံလောက်ကို လက်ခံပေးထားတဲ့ အပေါ်မှာ ချီးကျုးပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ ခေါင်းဆောင်မှု ပြသနာ တက်နေတဲ့ ဗင်နီဇွဲလား နိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချည်းကပ်မှုကို ပြောဆိုခဲ့ပါတယ်။ မာဒူရို အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲလို့ ဝန်ကြီး Pompeo က ပြောဆိုပြီး အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို နိုင်ငံရဲ့ စစ်မှန်တဲ့ သမ္မတ အဖြစ် နိုင်ငံပေါင်း ၅၄ နိုင်ငံက အသိအမှတ်ပြုထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ ကျူးဘား အပေါ် မာဒူရိုက အားကိုး အားထားပြုနေတာကိုလည်း ဝေဖန်လိုက်ပြီး လုပ်ပိုင်ခွင့် အာဏာ အားလုံးကို ကျူးဘားနဲ့ ရုရှားတွေဆီ လွှဲပေးထားတာလို့လည်း ပြောဆိုခဲ့ပါတယ်။ တောင်အမေရိက ဒေသတွင်းမှာ တရုတ်တို့ ရှင်သန် ကြီးပွားတာကို မြင်လိုကြောင်း၊ ဒါပေမယ့် ငွေတွေ အလုံးအရင်းယူလာပြီး အစိုးရတာဝန်ရှိသူတွေကို လာဘ်ထိုးတဲ့ အပြုအမူမျိုးတွေကိုတော့ မလိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပြောပါတယ်။