တိုင်းရင်းသားပညာရေးနဲ့ အစိုးရမူဝါဒ

Myanmar ethnic Kachin refugees gather as school children go to school, at their residence at Wine Maw Refugee Camp in Kachin State (AP Photo/Khi

Your browser doesn’t support HTML5

တိုင်းရင်းသားပညာရေးနဲ့ အစိုးရမူဝါဒ

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NLD အစိုးရရဲ့ ပညာရေးမဟာဗျူဟာစီမံကိန်းမှာ တိုင်းရင်းသားပညာရေးကိစ္စကို ဖော်ပြခြင်းမရှိတာဟာ ထင်ရှားတဲ့အသွင်းလက္ခဏာတခုလို ဖြစ်နေပါတယ်။ စာမျက်နှာ သုံးရာနီးပါးရှိတဲ့ NLD ရဲ့ လူတိုင်းအကျုံးဝင်တဲ့ ပညာရေးမဟာဗျူဟာစီမံကိန်းမှာ တိုင်းရင်းသားပညာရေးကို ဆွေးနွေးထားတာ မတွေ့ရပါဘူး။ အခန်း (၁၀) မှာ ကျောင်းပြင်ပနဲ့ တသက်တာပညာရေးကို ဖော်ပြထားတာဟာ အနီးစပ်ဆုံး ဖြစ်နိုင်ပါတယ်။ “လက်ရှိပညာရေးစနစ်သည် သင်သူအားလုံး၏ လိုအပ်ချက်နဲ့ ကိုက်ညီမှု အားနည်းနေသည်” လို့သာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ နိုင်ငံသားအားလုံးရဲ့ ဘုံရည်မှန်းချက် အထူးသဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရည်မှန်းချက်တွေ ပါဝင်သင့်တယ်လို့ ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်က ၂၀၁၇ မှာ ထုတ်ဝေတဲ့ စာတမ်းတစောင်မှာ ဖော်ပြပါတယ်။ ခေါင်းဆောင်တဦး (သို့မဟုတ်) အစိုးရတရပ်ရဲ့ ရည်မှန်းချက်ကို တိုင်းရင်းသားလူမျိုးအားလုံးက အကောင်အထည်ဖော်နေရတာမျိုးဟာ နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီနိုင်ဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသက ပညာရေးသင်ကြားမှုကို ထည့်သွင်းဖော်ပြခြင်း မပြုတာဟာ ပညာရေးမဟာဗျူဟာ စီမံကိန်းရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားရာဒေသက ပညာရေးအခြေအနေကို ကာလအတော်ကြာ သုတေသနလုပ်ခဲ့တဲ့ Dr. Ashley South နဲ့ ပါမောက္ခ Marie Lall တို့ကလည်း “တိုင်းရင်းသားပညာရေးနဲ့ ပဋိပက္ခ” အကြောင်း ၂၀၁၆ မှာ စာတမ်းထုတ်ဖူးပါတယ်။ ပဋိပက္ခဖြစ်တဲ့ ကချင်၊ မွန်၊ ကရင်ဒေသတွေက တိုင်းရင်းသားပညာရေးအခြေအနေကို ကွင်းဆင်းလေ့လာပြီး ရေးထားတာ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို အဓိကထားပြီး မြန်မာမှုပြုတဲ့ သင်ရိုးညွှန်းတမ်းတွေဟာ ဒေသဆိုင်ရာ လိုအပ်ချက်နဲ့ မကိုက်ညီတာ ကြာပြီဖြစ်ပါတယ်။ တိုင်းရင်းသားတွေကလည်း ကိုယ့်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ထိန်းသိမ်းဖို့ အခက်အခဲကြားက ကြိုးပမ်းကြပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ အစိုးရလက်အောက်ခံမဟုတ်တဲ့ တိုင်းရင်းသားပညာရေးဌာနတွေ ရှိပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ပညာရေးကို တန်းဖိုးထားကြပါတယ်။

တိုင်းရင်းသားပညာရေးမှာ အစိုးရစရိတ်နဲ့ လည်ပတ်တဲ့ကျောင်းကနေ အစိုးရအကူအညီ လုံးဝမပါတဲ့ကျောင်းအထိ အမျိုးမျိုးရှိပါတယ်။ အစိုးရက အသုံးစရိတ်ပေးတဲ့ကျောင်းမှာ ဆရာနဲ့ သင်ရိုးတို့ကို အရပ်ဘက်အဖွဲ့တွေက ထောက်ပံ့တာမျိုး ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ကြီးစိုးတဲ့ဒေသက အစိုးရကျောင်းတွေကို အရပ်သားနဲ့ တိုင်းရင်းသားအဖွဲ့တွေက ပံ့ပိုးကူညီတာမျိုးလည်း ရှိပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ တွဲလုပ်တဲ့ ရောနှောကျောင်းမျိုး ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်ချုပ်ပေမယ့် အစိုးရသင်ရိုညွှန်းတမ်းကိုသုံးတဲ့ ကျောင်းတွေ ကချင်နဲ့ မွန်ပြည်နယ်မှာ ရှိပါတယ်။ ဒီကျောင်းကထွက်သူတွေဟာ နောက်ပိုင်းမှာ စာမေးပွဲဝင်ပြီး အစိုးရကျောင်းကို ပြောင်းနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အရပ်ဖက်အဖွဲ့တွေဖွင့်တဲ့ ကျောင်းတွေကိုတော့ အစိုးရက အသိအမှတ်မပြုပါဘူး။

အရပ်ဖက်အဖွဲ့အစည်းကဖွင့်တဲ့ တိုင်းရင်းသားကျောင်းတွေဟာ တိုင်းရင်းသားဘာသာစကားသုံးတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သီးခြားသင်ကြားနည်းကို သုံးပါတယ်။ ဒီကျောင်းမျိုးကို အစိုးရက အသိအမှတ်မပြုလို့ ကျောင်းမပြောင်းနိုင်ပါဘူး။ နိုင်ငံခြားသင်ရိုးအသုံးပြုတဲ့ ကျောင်းမျိုး၊ ကချင်နဲ့ ကရင်ပြည်နယ်မှာ ရှိပါတယ်။ ခရစ်ယာန်သာသနာပြုကျောင်းတွေ ဖြစ်လို့ ကျောင်းဆက်တက်ချင်ရင် နိုင်ငံခြားကိုထွက်ပြီး သင်ကြားတဲ့နည်းလမ်းသာ ကျန်ပါတယ်။ နွေရာသီမှာ ကျောင်းမှာ တိုင်းရင်းသားဘာသာစကားနဲ့ ယဉ်ကျေးမှုကို သင်ကြားတာမျိုး ရှိပါတယ်။ အစိုးရကျောင်းမှာ ပုံမှန်စာသင်မှု ရပ်နားတဲ့အခါ သင်ကြားတဲ့ နွေရာသီသင်တန်းဖြစ်ပြီး အရပ်သားနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ထောက်ပံ့ကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးအခြေအနေကိုလိုက်ပြီး တိုင်းရင်းသားပညာရေး ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

အစိုးရတပ်နဲ့ ပဋိပက္ခ ပြင်းထန်တဲ့ဒေသတွေမှာ တိုင်းရင်းသားမိဘတွေဟာ သူတို့သားသမီးတွေကို အစိုးရကျောင်းမှာ မထားလိုကြတာ များတယ်လို့ Dr. Ashley South နဲ့ ပါမောက္ခ Marie Lall တို့က ဆိုပါတယ်။ ပဋိပက္ခ ပြင်းထန်လာလေ သီးခြားရပ်တည်လိုစိတ် များလေလေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းတဲ့ကာလမှာသာ မြန်မာနဲ့ ရောနှောလိုစိတ် ရှိကြပုံရပါတယ်။ ၂၀၁၁ မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တော့ ဂျိမ်းဖောဘာသာစကားကို ဦးစားပေးဖို့ အဓိကထားလာကြပါတယ်။ KIO ကြီးစိုးတဲ့ဒေသတွေမှာဆိုရင် အင်္ဂလိပ်စာနဲ့ ကချင်စာကို ဦးစားသင်ကြားကြတယ်လို့ သိရပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ချုပ်ကိုင်တဲ့ဒေသမှာ ပညာရေးစနစ်ကို နိုင်ငံခြားအကူအညီနဲ့ တည်ဆောက်လာတာ နှစ်ပေါင်းကြာညောင်းနေပါပြီ။ ဒေသဆိုင်ရာ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ သင်ကြားပို့ချတဲ့ ကျောင်းတွေဖြစ်လို့ အစိုးရပညာရေးစနစ်နဲ့ အလွန်ကွဲပြားခြားနားပါတယ်။ ၂၀၁၂ မှာ KNU နဲ့ အစိုးရတပ်တို့ အပစ်အခတ်ရပ်စဲလိုက်တဲ့အခါ ကရင်ကျောင်းတွေဟာ အစိုးရပညာရေးစနစ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ မွန်ပြည်နယ်မှာတော့ မူလတန်းမှာ မွန်စကားသုံးပြီး အလယ်တန်းမှာ မြန်မာစာသုံးကာ အစိုးရသင်ရိုးအတိုင်း သင်ကြားနိုင်ပါတယ်။ ဒါကြောင့် မွန်အမျိုးသားကျောင်းထွက်တွေဟာ မွန်စကားကျွမ်းကျင်ပြီး အစိုးရစစ် ဆယ်တန်းစာမေးပွဲကို မြန်မာလို ဖြေကြပါတယ်။