ဒီမိုကရေစီ ကူးပြောင်းမှု နှင့် စိတ်ဓာတ်တော်လှန်ရေး (အပိုင်း ၁)

Myanmar 2008 constitution amend protest

Your browser doesn’t support HTML5

ဒီမိုကရေစီ ကူးပြောင်းမှု နှင့် စိတ်ဓာတ်တော်လှန်ရေး (အပိုင်း ၁)

ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ရွေးကောက်ပွဲကျင်းပပြီး မဲပေးရုံနဲ့ ပြီးသွားတာမဟုတ်ပဲ စိတ်ဓာတ်အတွေးအခေါ် ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဥရောပ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရာစုနှစ်နဲ့ချီ ကြာမြင့်ခဲတယ် လို့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က သူ့ရဲ့"စိတ်ဓာတ် တော်လှန်ရေး" စာအုပ်မှာရေးပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေးအလားအလာကော ဘယ်လိုရှိပါသလဲ ဦးအောင်ခင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီတပတ်မှာ ဆရာရေးပြီး မကြာခင်က ထုတ်ဝေလိုက်တဲ့ “စိတ်ဓါတ်တော်လှန်ရေး” စာအုပ်နဲ့ ပတ်သက်ပြီးတော့ မေးမြန်းဆွေးနွေးလိုပါတယ်။ ဒီစာအုပ်က အဓိကတော့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် သက်ဦးစံပိုင်ဖြစ်ဖြစ်၊ အာဏာရှင်စနစ်ဖြစ်ဖြစ် ဖြုတ်ချပြီးတော့ ချက်ချင်းဖြစ်မလာနိုင်ဘူး။ ဥရောပနိုင်ငံတွေရဲ့ သမိုင်းမှာလည်း နှစ်ပေါင်းရာစုနဲ့ချီပြီး ကြာမြင့်ခဲ့တယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဆိုတော့ ရာစုနဲ့ချီပြီး ဖြစ်ပေါ်တိုးတက်လာတဲ့ ဖြစ်ထွန်းမှုကို စိတ်ဓါတ်တော်လှန်ရေးဆိုတော့ “တော်လှန်ရေး” ဆိုတဲ့စကားက နည်းနည်းမပြင်းထန်ဘူးလား ဆရာ။ “Revolution” ဆိုတာထက် “Evolution” ဖြစ်ပေါ်တိုးတက်မှုလို့ ပြောရင် မရဘူးလား။

ဖြေ ။ ။ စနစ်ဟောင်းတခုလုံးကို ဖြိုချပြီးတော့ အသစ်နဲ့ အစားထိုးတာဆိုတော့ အဲဒါမျိုးဖြစ်ဖို့က တကယ့်တကယ် ခက်ခဲတယ်။ လူ့အဖွဲ့အစည်းမှာ တခုကိုဖယ်ပြီး နောက်တခုကို အသစ်ထိုးဖို့ဆိုတာ မလွယ်ဘူး။ အရင်အဟောင်းကရှိနေတော့ အရင်ဟောင်းကလူတွေပဲ ပြန်ပြီးတော့ ဖြစ်လာမှာပဲ။ ဒီတော်လှန်ရေးဆိုတဲ့ စကားလည်း ကျနော်တို့ ဗမာပြည်မှာတော့ ကွန်မြူနစ်က စခဲ့တာပါ။ အနောက်တိုင်းမှာလည်း ကွန်မြူနစ်တွေ သုံးခဲ့တယ်။ သူတို့က အရင်တုန်းက စနစ်ဟောင်းကြီးကို အကုန်ဖြိုချပြီးတော့ စနစ်သစ်နဲ့ အစားထိုးဖြစ်မယ်ဆိုပြီး လုပ်တာ။ လုပ်ကြတော့ သူတို့ထဲမှာလဲ လုပ်လို့မရဘူး။ တရုတ်ပြည်မှာလဲ ဒီစနစ်ကြီးဖြုတ်ချမယ် လုပ်ပြီးတော့ အခု နိုင်ငံရေးကတော့ ကျန်နေတယ်။ စီးပွားရေးကတော့ သူတို့ အရင်တုန်းက အင်မတန်မုန်းတီးခဲ့တဲ့ အရင်းရှင်စနစ်ကို ကွန်မြူနစ်က ပြန်ပြီးလက်ခံနေတယ်။ ဒီဟာတွေက တဖြည်းဖြည်းနဲ့ Evolution က ပိုပြီမှန်မယ်ထင်တယ်။ Evolution မြန်တာနဲ့ နှေးတာနဲ့ ဒါပဲကွာမယ်။ အားလုံးအစားထိုးပြစ်ဖို့ကတော့ မလွယ်တော့ဘူး အခုခေတ်မှာ။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဲဒီစာအုပ်ထဲမှာ ဆရာလွှမ်းခြုံပြီးတော့ သုံးသပ်ထားတာကို တွေ့ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်ပြီးတော့ ကိုလိုနီလက်အောက်ကို ကျရောက်သွားခဲ့တယ်။ အဲဒီကာလမှာ ၁၉၃၀ မြန်မာနိုင်ငံအက်ဥပဒေအရ (၉၁) ဌာန အုပ်ချုပ်ရေးဆိုပြီး လုပ်ခဲ့တဲ့ ခေတ်တခေတ် ရှိခဲ့တယ်။ နန်းရေးဝန် (၄) ဆက် ပြောင်းခဲ့တယ်။ အဲဒီခေတ် ဒီမိုကရေစီကို ဆရာ ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ အဲဒီအကြောင်းကို ကျနော် လေ့လာမိသလောက်တော့ အင်္ဂလိပ်က အိန္ဒိယမှာလို ဒိုင်အာခိ - အုပ်ချုပ်ရေးမှာ အင်္ဂလိပ်နဲ့ ဒေသခံ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေသခံတွေနဲ့ လက်တွဲအုပ်ချုပ်ရင်နဲ့ သူတို့သုံးတဲ့ ဒီမိုကရေစီသဘောထားကို မြန်မာပြည်မှာ မြေတောင်မြှောက်ပေးဖို့ စိတ်ကူးတာပါ။ ဒီဟာက အချိန်လိုတယ် - အချိန်လိုတော့ ဗမာအမျိုးသားရေး လှုပ်ရှားမှုကလည်း တော်တော်လေးပြင်းထန်၊ ဗမာက ပြင်းပြင်းထန်ထန်၊ ဆူဆူညံညံ လှုပ်ရှားပြီးတော့ ဖြစ်လာတော့ အချိန်ယူပြီးတော့ အသွင်ပြောင်းဖို့ဆိုတာ ကျနော်တို့ဆီမှာ သိပ်ပြီးတော့ မရှိခဲ့ဘူး။ ကိုလိုနီခေတ်ကလည်း အင်္ဂလိပ်က အဲဒီလို လုပ်ပြီးတော့ စီစဉ်ပြီးတော့ အသွင်ပြောင်းဖို့ လုပ်တဲ့အချိန်မှာ စစ်ဖြစ်ပြီးတော့ အကုန်လုံး ပျက်သွားခဲ့တယ်။

ဆိုတော့ ဒီလောက်ထိအောင် ကျနော်တို့မှာ အတွေ့အကြုံ မရှိခဲ့ဘူး။ အသွင်ပြောင်းတဲ့ အတွေ့အကြုံဆိုတာ အိန္ဒိယကိုကြည့်ရင် အိန္ဒိယက အတွေ့အကြုံရှိတယ်။ ကျနော်တို့က အိန္ဒိယနဲ့ တွဲထားတာ။ အိန္ဒိယမှာ အခုထိ အင်္ဂလိပ်တွေ ထားခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ဆက်လက်ပြီး ကျင့်သုံးနိုင်တယ်။ ကျနော်တို့ ဗမာပြည်မှာ မကျင့်သုံးနိုင်တော့ဘူး။

မေး ။ ။ အဲဒီမှာ ကျနော် အမြဲတမ်း စဉ်းစားမိတာက အိန္ဒိယမှာလည်း Ethnic Diversity - ဘာသာစကား၊ လူမျိုးရေးကွဲပြားမှု - ပိုဆိုးတာက ဇာတ်စနစ် အဲဒါတွေ ရှိနေတော့ အဲဒါတွေကို ဘယ်လိုကျော်လွှာနိုင်ခဲ့ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ခွဲခြားချက်တွေက အဲဒီလောက် ပြင်းထန်လို့လား။

ဖြေ ။ ။ အိန္ဒိယမှာလောက် ကျနော်တို့ဆီမှာ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်တယ်ဆိုတာတော့ ကာယကံရှင်တွေက ပိုသိမှာပေါ့။ ဗမာပြည်မှာက ဗမာက ကြီးစိုးဖို့ အမြဲကြိုးစားနေခဲ့တယ်။ ဗမာကြီးစိုးတဲ့အချိန်ကို နိုင်ငံတော် တည်ထောင်တယ်ဆိုပြီးတော့ ဗမာက အမြဲယူဆခဲ့တယ်။ ဗမာနိုင်ငံတော် တည်ထောင်တယ် - ပထမနိုင်ငံတော်၊ ဒုတိယနိုင်ငံတော် အဲဒါတွေအားလုံးက ဗမာက တိုင်းရင်းသားတွေကို နှိမ်ထားတဲ့ အချိန်ကာလတွေ။ တိုင်းရင်းသားတွေကလည်း အဲဒီအချိန်က မနိုးကြားခဲ့ဘူး။ အခုတော့ တိုင်းရင်းသားတွေက ပြန်ပြီးတော့ နိုးကြားတက်ကြွလာတဲ့အခါမှာ သူတို့ ဘယ်လိုပြန်လုပ်ရမယ်ဆိုတာကို မသိ ဖြစ်နေတယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ တိုင်းရင်းသားတွေအတွက် အခွင့်အရေး၊ ပြဿနာ ဖြစ်နေတာနဲ့ လူ့အဖွဲ့အစည်းတခုလုံး ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မယ့် လမ်းကြောင်းဟာ တလမ်းထဲ သွားနိုင်ပါသလား။ အတူတူသွားမလား။ သို့တည်းမဟုတ် တခုပြီးမှာ တခုလား။ ထိပ်တိုက်အဟန့််အတား ဖြစ်စေမယ့်သဘော ရှိပါလား။

ဖြေ ။ ။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးရတဲ့အချိန်တုန်းကတော့ လွတ်လပ်ရေးယူတာ တိုင်းရင်းသား စည်းလုံးမှုကို ပြနိုင်မှ အင်္ဂလိပ်က ပေးမယ်ဆိုလို့ ပင်လုံညီလာ ဖြစ်လာခဲ့တယ်။ ဒီဟာက ခဏလုပ်ထားတဲ့ အစီအစဉ်ပါ။ ခဏလုပ်ထားတဲ့ အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ဘူး။ မဖော်နိုင်ဘဲနဲ့ ဒီအထဲမှာ ကွန်မြူနစ် ဆုံးဖြတ်ချက်တွေကည်းပါနေတယ်။ လွတ်လပ်ရေးကို အင်္ဂလိပ်က ပြန်ပြီးတော့ စစ်ပြီးတဲ့အခါမှာ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီးတော့ သုံးလေးနှစ်နောက် လွတ်လပ်ရေးပေးမယ်ဆိုပြီး ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က မလိုချင်ဘူး။ တနှစ်အတွင်း ရရမယ်။ ကွန်မြူနစ်ကလည်း ချက်ချင်းပေးရမယ် ဘာညာနဲ့ တောင်းဆိုခဲ့တယ်။ အခုနောက်ပိုင်း ပြန်ကြည့်ရင် တနှစ်အတွင်း လွတ်လပ်ရေး ရတာနဲ့ သုံးလေးနှစ် ရမှာနဲ့ ဘာမှမထူးဘူး။ ဆိုတော့ မလေးရှားတို့က ဗမာပြည်ထက် အများကြီးနောက်ကျပြီး လွတ်လပ်ရေး ရခဲ့တယ်။ ဒါပေမဲ့ ဗမာပြည်ထက် သာခဲ့တယ်။ အဲဒါမျိုးတွေ အရင်တုန်းက ရေတိုအမြင်နဲ့ကြည့်ပြီး လုပ်လာခဲ့ပြီး ရေရှည်မှာ အကုန်လုံး အလဟာသ ဖြစ်ကုန်တယ်။

မေး ။ ။ ဒီနေရာမှာ သမိုင်းအချက်အလက် တခုကို မေးချင်ပါတယ်။ မြန်မာသမိုင်းနဲ့ ပတ်သက်ပြီးတော့ - အင်္ဂလိပ်က စစ်ပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်မယ်။ လုပ်ပြီးတော့မှ တဖြည်းဖြည်း လွတ်လပ်ရေးပေးမယ်။ ဒိုမီနီယန် (dominion) အဆင့်မှာ နေမလားဆိုပြီး စဉ်းစားတယ်ဆိုပြီးတော့ အထောက်အထားတချို့ကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ နေချင်တယ်။ သို့ပေမဲ့လဲ ဖဆပလ က သူနဲ့ရင်းနှီးတဲ့လူတွေက “အောင်ဆန်း - မင်း အဲဒီလိုလုပ်နေမယ်ဆိုရင် တိုင်းပြည်က ကွန်မြူနစ်လက်ထဲ ကျသွားလိမ့်မယ်။ တနှစ်အတွင်းရအောင်တောင်းမှ ဖြစ်မယ်။” ဆိုပြီးတော့ သူကို ပြောဆိုသိမ်းသွင်းကြလို့ သူ အဲဒီဘက်ကိုပါသွားတယ်။ သူ လိုချင်တဲ့အရာကတော့ တကယ်တော့ ဒိုမီနီယန်အဆင့်နဲ့ နေချင်တယ်လို့ ကျနော် အထောက်အထားတခု ဖတ်ဖူးပါတယ်။ ဆရာအနေနဲ့ အဲဒါကို ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ ဟုတ်တယ် - အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ သူ့နောက်က လူတွေရဲ့ တောင်းဆိုတာလဲ အထိုက်အလျောက် လိုက်လျောရတာတွေလည်း ရှိတယ်။ သူကတော့ အရင်တုန်းက အာဆီယံတွေ၊ ဘာတွေဖွဲ့ဖို့တောင် အရင်တုန်းကတည်းက စိတ်ကူးရှိတဲ့လူဆိုတော့ အဲဒီခေတ်က သူက အများကြီးရှေ့ပြေးနေသူ ဖြစ်တယ်။ သူ့အနေနဲ့ ပြောင်းလဲနိုင်ပေမယ့် သူ့နောက်ကလူတွေက မပြောင်းလဲနိုင်ဘူး။ အဲဒီခေတ်က ဗမာနိုင်ငံရေးသမားတွေရဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ တိုက်မယ်ခိုက်မယ်၊ သတ်မယ်ဖြတ်မယ်ဆိုတာကလွဲလို့ သူတို့မှာ အသိဉာဏ်သိပ်ရှိတာ မဟုတ်ဘူး။ ဥပမာ အဲဒီမှာ ဦးနုခေတ်က ဖဆပလအဖွဲ့ထဲကနေ အမေရိကန်ကို စစ်ကြေငြာရမယ်ဆိုပြီး ထုတ်ပြန်တာတွေ ဖြစ်သေးတယ်။ ဦးနုက ဒါတွေမဖြစ်နိုင်ပါဘူး။ ဒီဟာတွေ သွားလုပ်လို့ ဘယ်ဖြစ်မလဲဆိုပြီး သူက ပြောတယ်။ တယောက်ကပြောတယ် စတိလေးလောက် မကြေငြာလို့ မရဘူးလားလို့ ပြောတယ်။ အဲဒီတော့ စစ်ကြေငြာတာကို စတိလောက် ရတယ်လို့ သူတို့က ထင်နေတာ၊ သူတို့ရဲ့အတွေးက ခလေးအတွေးလောက် ရှိခဲ့တာ။ အခုလဲ ခလေးအတွေးတွေက ရှိသေးတယ်။

ကျနော်ဆိုလိုတဲ့ စိတ်ဓါတ်တော်လှန်ရေးဆိုတာ စိတ်ဓါတ်ပြောင်းလဲဖို့ပါ။ စိတ်ဓါတ်ပြောင်းလဲဖို့က တော်တော်လေးခက်တယ်။ ငယ်ငယ်တုန်းက ကိုယ်နဲ့မတည့်တဲ့လူကို ကြီးလာရင် ပြန်ပြီးတော့ ခေါ်ခေါ်ပြောပြော လုပ်ဖို့တောင် လွယ်တာမဟုတ်ဘူး။ ဆိုတော့ ကိုယ်နဲ့မတည့်တဲ့လူကို ပြန်တည့်အောင် ပေါင်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ မတည့်တဲ့လူနဲ့ ပြန်တည့်တဲ့အခါမှာ အင်မတန် စိတ်ချမ်းသာစရာကောင်းတယ်။ ဒါကို လူတွေကသိတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ မလုပ်နိုင်ဘူး။ အဲဒီပြဿနာက နိုင်ငံရေးကြတော့ အင်မတန်ကြီးသွားတယ်။

မေး ။ ။ အဓိကအားဖြင့် ခေါင်းဆောင်ပိုင်းမှာ ဒီလိုစိတ်ဓါတ်မျိုး မဖြစ်ဖို့လိုမယ်ထင်တယ်။ အခု မြန်မာနိုင်ငံရဲ့ လက်ရှိခေါင်းဆောင်ပိုင်းကို ဘယ်လိုသုံးသပ်လိုပါလဲ။

ဖြေ ။ ။ ခေါင်းဆောင်ပိုင်းကတော့ ကျနော် မြင်တာတော့ ခေါင်းဆောင်ပိုင်းမှာ အရပ်သားဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နေရာကို ဆက်ခံမယ့်လူတွေ အခုလောက်ကတည်းက ကျနော်တို့ မြင်သင့်နေပြီ။ ကျနော်ကတော့ မမြင်သေးဘူး။ ဘယ်သူတွေဆိုတာကို ခန့်မှန်းလို့ ရသင့်နေပြီ။ ဒါပေမဲ့ မရသေးဘူး။ ဆိုတော့ ခေါင်းဆောင်ပိုင်းမှာလဲ ကျနော်တို့ ဗမာမှာ အရင်တုန်းက အာဏာရှင်စနစ်ဆိုတာ တယောက်ပြောရင် အကုန်လက်ခံမယ်။ မှားမှားမှန်မှန် - အဲဒီဟာမျိုးက ဗမာပြည်မှာ တဖြည်းဖြည်းနဲ့ အစဉ်အလာကြီးလို့ဖြစ်နေပြီး အရိုးစွဲနေတယ်။ အဲဒါလဲ ကျနော်တို့ရဲ့ အားနည်းချက်။ ကျနော့်စာအုပ်ထဲမှာတော့ ပြောထားတယ်။ အသံလွှင့်ဆောင်းပါးတခုမှာ ရေးထားတယ် - ၂၀၁၃ ခုနှစ်က The Lutheran World Federation က ဗမာပြည်က အရပ်သားအဖွဲ့တွေကို သွားရောက်လေ့လာတော့ အရပ်သားအဖွဲ့တွေထဲမှာ လူတဦးကသာ ဆုံးဖြတ်တာကို နားခံလေ့ရှိတယ်။ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ဆွေးနွေးပြီးတော့ အခွင့်အလမ်းသိပ်ပြီးတော့ မယူကြဘူး။ ပြောဖို့ဆိုဖို့မှာ ပြောရဲဆိုရဲ မရှိကြဘဲနဲ့ ငြိမ်ခံနေတဲ့အတွက် အပြန်အလှန် ဆွေးနွေးမှု မရှိဘူးဆိုပြီးတော့ ရေးထားတယ်။ အဲဒါ သာမန်အရပ်သားအဖွဲ့လေးတွေ Civil Society မှာ ဖြစ်နေတာ။ ဆိုတော့ အဲဒီထဲမှာ Articulate ဖြစ်တဲ့လူ၊ ဉာဏ်ပညာထက်မြက်တဲ့လူ ပြောတာပဲ လွှမ်းမိုးသွားတယ်။ နိုင်ငံရေးမှာလည်း အဲဒီလိုပဲ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Intellectually မီနိုင်တဲ့လူ မရှိဘူးပေါ့။ သူကလည်း အဖေအရှိန်နဲ့ မျိုးရိုးဇာတိကလည်း ရှိသေးတယ်။ အဲဒါလဲဖြစ်တယ်။ Intellectually လည်း သူများနဲ့ပိုပြီးရှိတော့ သူကိုကျော်နိုင်တဲ့လူ မရှိတော့ - အရပ်ဘက်မှာလည်း သူတယောက်တည်း အုပ်ချုပ်သလို ဖြစ်နေတာပေါ့။

* ဒေါက်တာအောင်ခင်နဲ့ ဆွေးနွေးသုံးသပ်ချက် အပိုင်း (၂) ကို နောက်အပတ်မှာ ဆက်လက် နားဆင်နိုင်ပါတယ်။