ကန်ဒီမိုကရက်ပါတီ သမ္မတလောင်း စကားစစ်ထိုးပွဲစတင်

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့အတွက် ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း ၁၀ ယောက်ဟာ မနေ့ ဗုဒ္ဓဟူးနေ့ကတော့ ဖလော်ရီဒါပြည်နယ် Miami မှာ ပထမအကြိမ် စကားစစ်ထိုးပြီး မဲဆွယ်ခဲ့ကြပါတယ်။ ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေဟာ ဒီစကားစစ်ထိုးပွဲအတွင်း မကြာခဏဆိုသလို သမ္မတထရမ့်ကို ပစ်မှတ်ထားပြောဆိုခဲ့ကြသလို၊ တခါတရံမှာလည်း သူတို့အချင်းချင်း ထိုးနှက်တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ထပ် ဒီမိုကရက်ကိုယ်စားလှယ်လောင်း ၁၀ ယောက်ကတော့ ဒီကနေ့မှာ စကားစစ်ထိုးကြမှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရှေ့နှစ်ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဒေါ်နယ်လ်ထရမ့် နဲ့ ပြိုင်ဖို့အတွက် ဒီမိုကရက်ပါတီသမ္မတလောင်းအဖြစ် အရွေးခံရဖို့အတွက် ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း ၁၀ ယောက်ဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာ စကားစစ်ထိုးပြီး မဲဆွယ်ခဲ့ကြပါတယ်။ ဒီစကားစစ်ထိုးပွဲကို NBC ရုပ်သံလိုင်းက ကမကထလုပ်ကျင်းပပြီးတော့ တနိုင်ငံလုံးကို ပြသခဲ့တာပါ။ အခုနောက်ပိုင်း လူထုစစ်တမ်းတွေမှာ ထောက်ခံမှုပိုရလာနေတဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren က တိုင်းပြည်ရဲ့ စီးပွားရေးမညီမျှမှုကို အလေးပေးပြောသွားပါတယ်။

“ကျမ ဒီမှာ ဝင်အရွေးခံတာက ကျမတို့အနေနဲ့ ကိုယ့်အစိုးရကို ကိုယ့်ကိုလုပ်နိုင်တယ်၊ ကိုယ်စီးပွားရေးကိုယ်တည်ဆောက်နိုင်တယ်၊ ပြီးတော့ တိုင်းပြည်ကိုလည်း အလုပ်ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်လို့ပါ။ ထိပ်ဆုံးက သိပ်ချမ်းသာတဲ့လူတွေအတွက်ပဲ မဟုတ်ဘဲ လူတိုင်းအတွက် အလုပ်ဖြစ်အောင် ကျမတို့လုပ်နိုင်ပြီး ဒါကို ကျမကတိပေးပါတယ်။ ကျမမိသားစုအတွက် ကြိုးစားတိုက်ပွဲဝင်သလိုမျိုး ရှင်တို့အတွက်လည်း တိုက်ပွဲဝင်သွားမှာပါ။”

နယူးမြို့တော်ဝန် Bill de Blasio ကလည်း အလုပ်သမားလူတန်းစားကို ဦးတည်ပြီး မဲဆွယ်သွားခဲ့ပါတယ်။

“အလုပ်သမားလူတန်းစာကို ဦးစားပေးဖို့က အရးကြီးပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုပါတီမျိုးဖြစ်ဖို့လိုပါတယ်။”

Ohio အောက်လွှတ်တော်အမတ် Tim Ryan ကတော့ ဒီမိုကရက်တွေဟာ အလုပ်သမား လူတန်းစား နဲ့ ထိစပ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

“ကျနော်ကိုယ်စားပြုတဲ့ Ohio ပြည်နယ် နဲ့ စက်မှုလုပ်ငန်းတွေရှိတဲ့ အလယ်ပိုင်းပြည်နယ်တွေမှာတော့ ကျနော်တို့ဟာ အလုပ်သမားလူတန်းစာနဲ့ ထိစပ်မှုမရှိဘဲ ကွာဟလွန်းနေပါတယ်။”

နယူးဂျာစီ အထက်လွှတ်တော်အမတ် Cory Booker ကတော့ - သူဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို အနိုင်ယူဖို့အတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“ဒါက သူ့ကိုဖယ်ရှားဖို့ ၊ သူနဲ့ ပတ်သက်တဲ့လူထုဆန္ဒခံယူပွဲဖြစ်သလို၊ ကျနော်တို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ နဲ့ ကျနော်တို့နဲ့ ဆိုင်တဲ့ လူထုဆန္ဒခံယူပွဲပါ။”

ဒီစကားစစ်ထိုးပွဲမှာတော့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကလည်း အဓိကကျတဲ့ကိစ္စရပ်ဖြစ်ခဲ့ပါတယ်။

အရင်အစိုးရအဖွဲ့ရဲ့ ဝန်ကြီး Julian Castro ကတော့ နိုင်ငံတကာက ဝိုင်းအာရုံစိုက်နေတဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချဖို့အတွက် El Salvador ကလာတဲ့ အဖေနဲ့ သမီးဖြစ်သူ သားအဖ ၂ ယောက် အမေရိကန်နယ်စပ်မှာ ရေနစ်သေဆုံးခဲ့ပြီးတဲ့နောက်မှာပဲ သမ္မတထရမ့်ရဲ့ လူဝင်မှုဆိုင်ရာ မူဝါဒတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

“Oscar နဲ့ သူ့သမီးလေးတို့ရဲ့ ဓါတ်ပုံတွေကို မြင်ရတာ တကယ်ကို ကြေကွဲဝမ်းနည်းစရာပါ။ ကျနော်တို့ အားလုံး ဒီကိစ္စကို ဒေါသထွက် သင့်ပါတယ်။”

ဒါနဲ့ ပတ်သက်ပြီး တက္ကဆက်ပြည်နယ် အောက်လွှတ်တော်အမတ်ဟောင်း Beto O’Rourke ကလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

“ကျနော်တို့သာဆို Valeria နဲ့ သူဖခင် Oscar တို့ကို ပြန်လွှတ်မှာမဟုတ်ပါဘူး။ ကျနော်တို့သာဆို သူတို့ကို ဒီနိုင်ငံထဲမှာ လက်ခံပြီး ကျနော်နိုင်ငံရဲ့ ခိုလှုံခွင့်ဆိုင်ရာ ဥပဒေအတိုင်း လုပ်သွားမှာပါ။ ကျနော်တို့အနေနဲ့ တံတိုင်းတွေ ဆောက်မှာမဟုတ်သလို၊ ကလေးတွေကိုလည်း အချုပ်ထဲထည့်သွားမှာမဟုတ်ပါဘူး။”

ဒါ့အပြင် အီရန်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်စားလှယ်လောင်းတွေရဲ့ အမြင်တွေကို မေးမြန်းခဲ့ကြပါတယ်။ Minnesota အထက်လွှတ်တော်အမတ် Amy Klobuchar ကတော့ သမ္မတထရမ့်ဟာ တိုင်းပြည်ကို စစ်ဖြစ်ဖို့နီးအောင် လုပ်လာနေတယ်လို့ စိုးရိမ်ကြောင်းပြောပါတယ်။

“တကယ်တော့ ဒီသမ္မတနဲ့က နေ့တိုင်းနေ့တိုင်း စစ်ဖြစ်ဖို့က တော်တော်ကို နီးပါတယ်။ တွစ်တာကနေ တချက်လောက်ရေးလိုက်ရုံပါပဲ။ ကျမတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို မနက် ၅ နာရီလောက် ထ ရေချိုးတဲ့ ဝတ်စုံကြီးနဲ့ လုပ်နေတာတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။”

ဒါ့အပြင် အမေရိကန်အနေနဲ့ အာဖဂန်နိုင်ငံမှာ ဆက်ပြီး ရှိသင့်မသင့်ဆိုတာကိုလည်း ပြောဆိုခဲ့ကြပြီး Ohio အောက်လွှတ်တော်အမတ် Tim Ryan ကတော့ သူ့အနေနဲ့ ဆက်ရှိဖို့ ထောက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း Hawaii အောက်လွှတ်တော်အမတ် Tulsi Gabbard က တော့ အာဖဂန်မှာ ဆက်မရှိသင့်ဘူးလို့ ပြောပါတယ်။

“စစ်သားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါက ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေကို အာဖဂန်ကနေ ပြန်ခေါ်ရမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာ ကျနော်တို့ တပ်ဖွဲ့ဝင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။”

မနေ့ကစကားစစ်ထိုးပွဲမှာ မေရီလန်းအောက်လွှတ်တော်အမတ်ဟောင်း John Delaney နဲ့ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း Jay Inslee တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဒီမိုကရက်ပါတီကိုယ်စားလှယ်လောင်း နောက် ၁၀ ဦး စကားစစ်ထိုးကျမှာဖြစ်ပြီး အဲဒီထဲမှာ Vermont အထက်လွှတ်တော်အမတ် Bernie Sanders, Indiana ပြည်နယ် South Bend မြို့တော်ဝန် Pete Buttigieg ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris နဲ့ ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒန်တို့ ပါဝင်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်ဒီမိုကရက်ပါတီ သမ္မတလောင်း စကားစစ်ထိုးပွဲစတင်