နယူးယောက်မြို့ပေါ် အချိန်ကြာ မီးပြတ်တောက်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့Manhattan အနောက်ဘက်ခြမ်းမှာ စနေနေ့ ညနေပိုင်းက လျှပ်စစ်မီးပျက်သွားခဲ့ပြီးတဲ့နောက် ညသန်းခေါင်မတိုင်ခင်မှာ မီးပြန်ရသွားပြီဖြစ်တယ်လို့ နယူးယောက်မြို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

စနေနေ့ညနေပိုင်း ၆ နာရီ ၄၇ မိနစ်မှာ မီးစပျက်သွားတာဖြစ်ပြီး အိမ်ခြေ နဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၇၂၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ Con Edison လျှပ်စစ်မီးကုမ္ပဏီ ပြောပါတယ်။ မီးပျက်ခဲ့ရတာဟာ နယူးယောက်မြို့ရဲ့ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ ကြောင့်မဟုတ်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။ Con Edison ကုမ္ပဏီဟာ သူတို့ရဲ့ လျှပ်စစ်မီးပေးဝေရေးစနစ်နဲ့ ပတ်သက်ပြီး ပုံမှန်အဆင့်မြင့်ပေးနေတာဖြစ်တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် နယူးယောက်မြို့မှာ အခုလောက်အတိုင်းအတာအထိ မီးပျက်လို့မရနိုင်ဘူးလို့ ပြောပါတယ်။

နယူးယောက်မြို့တာဝန်ရှိသူတွေက ညသန်းခေါင်းမှာ အားလုံး မီးပြန်လာအောင်လုပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး၊ သန်းခေါင်မတိုင်ခင်မှာ မီးပြန်ရခဲ့တာဖြစ်ပါတယ်။ မီးပျက်သွားတဲ့အချိန်အတွင်း မြို့ခံတွေအချင်းချင်း ကူညီကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ မစ္စတာ Cuomo က ပြောပါတယ်။ အဲဒီလိုမီးပျက်သွားတာကြောင့် မီးပွိုင့်တွေလည်း အလုပ်မလုပ်တော့သလို၊ မြေအောက်ရထားတွေ နဲ့ ဓါတ်လှေကားတွေ၊ လေအေးပေးစက်တွေလည်း ရပ်တန့်ခဲ့ပါတယ်။ ဒါ့အပြင် နယူးယောက်မြို့က Madison Square Garden မှာကျင်းပနေတဲ့ Jennifer Lopez ရဲ့ စတိတ်ရှိုးပွဲဟာလည်း သီချင်း ၄ ပုဒ်မြောက်မှာ ရပ်သွားပြီး ပွဲကိုလည်း ဖျက်ခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ်က နယူးယောက်မြို့မှာ အပူလှိုင်းဖြတ်နေချိန် မီးပျက်ခဲ့တဲ့ ၄၂ နှစ် ပြည့်မြောက်တဲ့နှစ်မှာ အခုလို မီးထပ်ပျက်တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

နယူးယောက်မြို့ပေါ် အချိန်ကြာ မီးပြတ်တောက်