NATO အဖွဲ့ဝင်ရောက်ရေး ဖင်လန်နိုင်ငံ အကြီးအကဲ ၂ ဦး အတည်ပြု

ဖင်လန်သမ္မတ Sauli Niinisto

[[ ZAWGYI / UNICODE ]]

NATO အဖွဲ့ဝင်ရောက်ရေး ဖင်လန်နိုင်ငံအကြီးအကဲ ၂ ဦး အတည်ပြု

ဖင်လန်သမ္မတ Sauli Niinisto နဲ့ ဖင်လန်ဝန်ကြီးချုပ် Sanna Marin တို့က NATO မဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ အတည်ပြုကြောင်း ကြေညာပြီး ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်မှုအတွက် တုန့်ပြန်တဲ့ အနေနဲ့ ဖင်လန်နိုင်ငံရဲ့ မူဝါဒကို လုံးဝပြောင်းလဲပစ်လိုက်ကြပါတယ်။ သူတို့ရဲ့ ကြေညာချက်အပေါ် ရုရှားအစိုးရကလည်း ချက်ချင်းပဲ အပြစ်တင်ဝေဖန်လိုက်ပါတယ်။

NATO အဖွဲ့ဝင်အဖြစ်ရပ်တည်လိုက်တဲ့ ဖင်လန်နိုင်ငံရဲ့ လုံခြုံရေးဟာ ပိုခိုင်မာလာမှာ ဖြစ်သလို ဖင်လန်နိုင်ငံကလည်း NATO အဖွဲ့ဝင်နိုင်ငံ အနေနဲ့ အဖွဲ့အတွက် အင်အားတောင့်တင်းအောင် ပါဝင်လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း သူတို့ရဲ့ ပူူူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဖင်လန်နိုင်ငံဟာ NATO အဖွဲ့ဝင်အဖြစ် ချက်ချင်းပဲ လျှောက်လွှာတင်ရမှာ ဖြစ်ပြီး နိုင်ငံအဆင့်အနေနဲ့ ဆောင်ရွက်ဖို့ လာမယ့် ရက်အနည်းငယ်အတွင်း အမြန်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လွှတ်တော်နဲ့ ဖင်လန်ပြည်သူတွေ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ပေးခဲ့သလို၊ NATO အဖွဲ့နဲ့ရော အိမ်နီးချင်း ဆွီဒင်နိုင်ငံနဲ့ပါ တိုင်ပင်ပြီးချိန်မှာမှ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ခေါင်းဆောင် ၂ ဦးက ပြောပါတယ်။ ဆွီဒင်နိုင်ငံက တာဝန်ရှိသူတွေကလည်း လာမယ့်ရက်ပိုင်းအတွင်းမှာပဲ သူတို့နိုင်ငံအတွက် NATO အဖွဲ့ဝင် လျှောက်လွှာတင်ဖို့ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

အခုလို ဖင်လန်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့ နောက် ရုရှားအစိုးရ လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ Dmitry Medvedev က လက်ရှိပဋိပက္ခကနေ အားလုံးအတွက် ကပ်ဘေးဆိုက်သွားစေမယ့် နျူကလီယားစစ်ပွဲ အသွင်ပြောင်းသွားစေနိုင်တဲ့အန္တရာယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။ မေလလယ်တုန်းကလည်း Medvedev က တကယ်လို့ ဖင်လန်နဲ့ ဆွီဒင်တို့သာ အမေရိကန်ကြီးစိုးတဲ့ NATO မဟာမိတ်အဖွဲ့ထဲဝင်မယ်ဆိုရင် ဘောလတစ်ပင်လယ်ဒေသတွင်း နိုင်ငံတွေ အတွက် နျူကလီယား ကင်းဇုံ အဖြစ် ရပ်တည်နိုင်တော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်ဟာ ရုရှားနဲ့ မိုင်ပေါင်း ၈၀၀ ေ ကျာ် နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဖင်လန်နဲ့ ဆွီဒင် ၂ နိုင်ငံ စလုံးဟာ ဘက်မလိုက်ကြားနေတဲ့ နိုင်ငံတွေ ဖြစ်ကြပြီး ဖေဖေါ်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်မှုနောက်ပိုင်း သူတို့ နိုင်ငံတွေကိုပါ ရုရှားက ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်လာကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

NATO အဖွဲ့ဝင်ရောက်ရေး ဖင်လန်နိုင်ငံ အကြီးအကဲ ၂ ဦး အတည်ပြု

=========================

{{ UNICODE }}





