သမ္မတဘိုင်ဒန် ဆော်ဒီကိုရောက်ရှိ

Your browser doesn’t support HTML5

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်း ၄ရက်တာ ခရီးစဉ်နောက်ဆုံးအစီအစဉ်အနေနဲ့ ဇူလိုင်လ ၁၅ရက်နေ့က ဆော်ဒီအာရေဘီးယားနိုင်ငံ ဂျက်ဒါမြို့ကို ရောက်ရှိပြီး ဆော်ဒီဘုရင်အက်ဒူလာနဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလမန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အစ္စရေးနဲ့ အသွားအပြန်လေကြောင်းလိုင်းတွေ ပိတ်ပင်ထားတာကို ဆော်ဒီဘက်က ပြန်ဖွင့်ပေးအပြီး နာရီပိုင်းအကြာမှာ သမ္မတဘိုင်ဒန်ရဲ့ လေယာဉ် ဆိုက်ရောက်လာတာလည်းဖြစ်ပါတယ်။ အခုလိုလေကြောင်း ပြန်ဖွင့်ပေးလိုက်တဲ့ ဆော်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ အာရပ်ကမ္ဘာနဲ့ အစ္စရေးတို့ကြား ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေတဲ့ သင်္ကေတတရပ်လည်းဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ကတော့ ဒါဟာ အရှေ့အလယ်ပိုင်းဒေသ ပိုမိုညီညွတ်ရေးနဲ့ တည်ငြိမ်ရေးအတွက် သူ့အစိုးရရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်တယ်လို့ဆိုပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဂျက်ဒါမြို့မှာကျင်းပမယ့် ပင်လယ်ကွေ့ဒေသ ၆ နိုင်ငံနဲ့ အီဂျစ်၊ အီရတ်နဲ့ ဂျော်ဒန်နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တဲ့ GCC+3 ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့လည်း ရှိပါတယ်။