=== [[ ZAWGYI ]] ===
မြန်မာ့အရေး အင်ဒိုနီးရှားနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားတာအပါအဝင် ဒီနှစ် ၂၀၂၃ အတွင်း အင်ဒိုနီးရှားရဲ့ အာဆီယံဆိုင်ရာ ဦးစားပေးဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အမေရိကန်-အာဆီယံ ညှိနှိုင်းဆက်ဆံရေးမှာ အင်ဒိုနီးရှားက ဌာနေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှုကိုရော အာဆီယံအဖွဲ့ကြီးရဲ့ ဒီနှစ်အတွက် အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်မှုကိုပါ အမေရိကန်ပြည်ထောင်စုက ထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အင်ဒို ပစိဖိတ်ဒေသတွင်း လွတ်လပ်ပွင့်လင်းမှု ရှိလာစေဖို့ ပုံဖေါ်ရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍအရေးပါမှု ၊ ဒေသတွင်းလုံခြုံရေးနဲ့ ကြွယ်ဝစေရေးအတွက် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဝန်ကြီး Blinken က အထူးပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင်အမေရိကန် - အင်ဒိုနီးရှား မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံမှု၊ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးတွဲဆောင်ရွက်မှု အတွက် အစီစဉ်သစ်တွေအပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း ကြွယ်ဝရေးဆိုင်ရာ စီးပွါးရေးမူဘောင်အဖွဲ့မှာ အင်ဒိုနီးရှားရဲ့ ပါဝင်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအလှည့်ကျ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး အာဆီယံရဲ့ဆောင်ရွက်ချက်တွေ ဆွေးနွေးနေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ Teuku Faizasyah ကို မြန်မာစစ်ကောင်စီရဲ့ နျူကလီယားဆိုင်ရာ ရုရှားနဲ့လက်တွဲဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး VOA ကမေးမြန်းရာမှာတော့ မြန်မာနဲ့ ရုရှား ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတိမ်အနက်ကို သိအောင် ပထမဆုံး လုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပထမဆုံး ဒီ ၂ နိုင်ငံကြား ဘာတွေ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ သိအောင်လုပ်ပြီးမှ ဒုတိယအချက်အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
Your browser doesn’t support HTML5
=== {{ UNICODE }} ===