မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေကို တနင်္ဂနွေနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နှစ်နိုင်ငံစလုံးက လူထောင်နဲ့ချီကို ဘေးလွတ်ရာနေရာတွေမှာ ရွေ့ပြောင်းခိုလှုံကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၈၀ က ၁၉၀ အထိ ပြင်းထန်တဲ့ ဆိုင်ကလုန်း မိုခါဟာ တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ် ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တာပါ။ မုန်တိုင်း သတိပေးချက် အမြင့်ဆုံးအဆင့်အထိ ထုတ်ပြန်ထားပြီး မွန်းလွဲပိုင်းမှာ မုန်တိုင်းဗဟိုချက်က စစ်တွေမြို့နယ်အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်မြို့နယ်မှာ မိုးကြီးပြီးလေပြင်းတွေ တိုက်ခိုက်ခဲ့လို့ လူတချို့ သေဆုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ တာချီလိတ်မြို့နယ်က နေအိမ်တအိမ်မှာ မိုးသည်းစွာ ထန်စွာရွာသွန်းပြီး မြေပြိုကျခဲ့လို့ သေဆုံးခဲ့တဲ့ လူနှစ်ယောက်ရဲ့ အလောင်းတွေကို ဆယ်ယူရရှိထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က သူ့တို့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာလည်း ညောင်ပင်လဲကျပြီး ပိမိရာက အမျိုးသားတဦး သေဆုံးသွားတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းဗဟိုချက် ဖြတ်ခဲ့တဲ့ စစ်တွေမြို့မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ဖုန်းတာဝါတိုင်ပြိုကျခဲ့သလို အဆောက်အအုံ အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကွန်ရက်တွေပေါ်က ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှု အသေးစိတ်နဲ့ အသေအပျောက် ရှိမရှိကိုတော့ မသိရသေးပါဘူး။
စစ်တွေမြို့ခံ ၃၀၀,၀၀၀ ကျော်အနက် ၄,၀၀၀ ကျော် ဟာ တခြား မြို့တွေကို သောကြာနေ့ကတည်းက ရွှေ့ပြောင်းခဲ့ကြပြီး လူပေါင်း ၂၀,၀၀၀ ကျော် ဟာလည်း ကုန်းမြင့်ပိုင်းက ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေနဲ့ စာသင်ကျောင်းတွေလို ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ ခိုလှုံနေကြတယ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ အကူအညီပေးနေသူတဦးကို ကိုးကားပြီး အေပီသတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိတဲ့ ကော့ဘဇားမြို့မှာ အန္တရာယ် အမြင့်ဆုံးအဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကမ်းရိုးတန်း ဒေသက ခရိုင် (၈) ခုက လူနဲ့ အဆောက်အအုံတွေကို ဆိုးဆိုးရွားရွား ပျက်စီးနိုင်ကြောင်း သတိပေးထားပါတယ်။