ကျုံ့ရှုံ့နေတဲ့အာဏာသိမ်းတပ်

နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ်လ ၂၇၊ ၂၀၂၁)

အာဏာသိမ်း စစ်တပ်မှာ အသေအပျောက်နဲ့ တပ်ပြေး များနေတဲ့အတွက် ကျုံ့-ရှုံ့ တပ်မတော် ဖြစ်နေကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

အနည်းဆုံး ဗိုလ်မှူးချုပ်အဆင့်သာ တက်ခွင့်ရတဲ့ တစ်တွင်းအစည်းအဝေးတခု လွန်ခဲ့တဲ့နှစ်လယ်က ကျင်းပပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်တပ်ရဲ့ညံ့ဖျင်းမှုတွေကို တပ်ချုပ်မင်းအောင်လှိုင်က ထောက်ပြသွားပါတယ်။ သူ့တပ်မှာ အသေခံရဲတဲ့သတ္တိ မရှိဘူးလို့ဆိုပါတယ်။ စစ်တပ်ထိန်းချုပ်နိုင်တဲ့နေရာတွေ ကျု့ရှုံ့နေပုံကို လွန်ခဲ့တဲ့နှစ်စပြီလထုတ် Free Burma Rangers အဖွဲ့ အစီရင်ခံမှာလည်း ဖော်ပြပါတယ်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နဲ့ ပဲခူးတိုင်းမှာသာ အာဏာသိမ်းတပ်လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နဲ့တနင်္သာရီမှာ အကန့်အသတ်နဲ့သာလှုပ်ရှားနိုင်ပါတယ်တဲ့။

NUG အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ မေလ(၃)ရက်နေ့ထုတ် ပြည်သူသို့အစီရင်ခံစာမှာလည်း အာဏာသိမ်းတပ် လုံးပါးပါးလာပုံကို ဖော်ပြပါတယ်။ အာဏာသိမ်းတပ်ရဲ့အင်အား(၃၀,၀၀၀) ချေမှုန်းခံရပြီး (၁၀,၀၀၀)ကျော်ထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ အာဏာသိမ်းမှုကိုလက်ခခံနိုင်လို့ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ စစ်မှုထမ်းနဲ့ရဲတပ်သားက(၁၃,၀၀၀)ကျော်ရှိကြောင်းဖော်ပြပါတယ်။ အာဏာသိမ်းတပ်အင်အားပြုန်းတီးချိန်မှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေတိုးပွားလာပါတယ်။

တပြည်လုံးမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၀၀)ကျော်ရှိပြီး မြို့နယ်(၂၅၀)ကျော်မှာ
ရပ်ရွာကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို စနစ်တကျဖွဲ့စည်းထားတယ်လို့ NUG ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ပြည်သူတရပ်လုံးရဲ့ကူညီမှုနဲ့ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြောင့် PDF တပ်တွေကို အတိုင်းအတာတခုအထိ လက်နက်တပ်ဆင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်မှုမှာလည်း အောင်မြင်မှုရရှိနေပေမယ့် ပြောက်ကျားတိုက်ပွဲအဆင့်ကို မကျော်နိုင်သေးပဲဖြစ်နေပုံရပါတယ်။ အာဏာသိမ်းတပ်ကို ယှဉ်ပြိုင်တိုက်နိုင်တဲ့ လက်နက်အင်အား ရှိဖို့ကြိးပမ်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းရန်ကိုတန်ပြန်တိုက်ခိုက်ရေးနဲ့ ခုခံရေးအတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းအလုံအလောက်ရရှိနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။ လောလောဆယ်တော့ ကျေးလက်အများစုကိုစိုးမိုးတဲ့ ပြောက်ကျားစနစ်ကိုတည်ဆောက်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက စစ်ကောင်စီတပ်ရဲ့ သိန်းတန်ကုန်းစခန်းကို KNLA ၊နဲ့ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ဧပြီ ၁၃၊ ၂၀၂၃/ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

သုသေတီ Kim Jolliffe ကလည်း အာဏာသိမ်းတပ်မှာ တိုင်းပြည်ကိုချုပ်ကိုင်နိုင်စွမ်း မရှိတော့တဲ့ အကြောင်း မေလ(၃)ရက်နေ့ထုတ် The Diplomat စာစောင်မှာသုံးသပ်ထားပါတယ်။ မတ်လအတွင်း မန္တလေးတိုင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားပြီး လေတပ်စခန်းနဲ့လက်နက်စက်ရုံတွေပါ တိုက်ခိုက်ခံရတာဟာ ထူးခြားချက်ဖြစ်တယ်လို့ဆိုပါတယ်။ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပုံမှန်တွေ့ဆုံဆွေးနွေးပြီး၊ PDF အချင်းချင်းမူးပေါင်းဆောင်ရွက်မှု အားကောင်းလာတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာ သံရုံး၊ လေဆိပ်၊ ဘဏ် စတာတွေနဲ့အခြားအရေးပါတဲ့ အခြေခံအဆောက်အအုံအချို့ကိုအုပ်ချုပ်ထားနိုင်ပေမယ့် မြို့နယ်(၂၀)ရာခိုင်နှုန်းလောက်ကိုသာထိန်းချုပ်နိုင်တာတွေ့ရပါတယ်။

စစ်သည်အင်အားလျော့နည်းလာတဲ့အတွက် အာဏာသိမ်းတပ်ဟာ ကျုံ့ရှုံ့နေကြောင်း USIP ဌာနကို ဧည့်သည်သုတေသီအဖြစ်ရောက်ရှိနေတဲ့ ရဲမျိုးဟိန်းက `မေလ(၄)ရက်နေ့ထုတ်သုံးသပ်ချက်မှာ ဖေါ်ပြထားပါတယ်။ အချက်အလက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလေ့လာတဲ့အခါ အာဏာသိမ်းတပ်မှာ အင်အား (၁၅၀,၀၀၀) လောက်ရှိပြီး စစ်သည်အင်အားက (၇၀,၀၀၀) လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ သေဆုံးသူနဲ့ထွက်ပြေးသူက အနည်းဆုံး (၂၀၀၀၀)ကျော်ရှိမယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ထိထိရောက်ရောက်အုပ်ချုပ်နိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန် စစ်ရေးချုပ်ဘဝ(၂၀၀၅)မှာ အင်အား(၂၀၀)အောက်ရှိတဲ့တပ်ရင်း(၂၈၄)ခုရှိပြီး(၂၀၀)နဲ့ (၃၀၀)ကြားရှိတဲ့တပ်ရင်း က(၂၂၀)ရှိကြောင်းသိရပါတယ်။ ၂၀၀၅မှာ တပ်သားသစ်(၆၀၀၀) ကျော်နဲ့ ကျဆုံးသူ(၈၀၀၀) ကျော်ရှိပြီး တပ်ပြေး(၅၀၀၀)လောက်ရှိတယ်လို့ ရဲမျိုးဟိန်းရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

ကြည်းတပ်အင်အား ကျုံ့ရှုံလာတဲ့အတွက် တပ်ချုပ်မင်းအောင်လှိုင် လက်ထက်မှာ လေတပ်နဲ့ စက်မှုအင်အားတိုးမြှင့်ရေးကို ဦးစားပေးလာတာလို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဖြစ်လာတဲ့အခါမှာ တပ်ရင်း(၅၂၂)ရင်းရှိလာပေမယ့် တပ်ရင်း(၁)ရင်းမှာ အင်အား(၂၀၀)အောက်သာရှိတယ်လို့ ရဲမျိုးဟိန်းကဖော်ပြပါတယ်။ စစ်ဆင်ရေးမှာ အဓိကကျတဲ့ ခြေမြန်တပ်ရင်းတွေမှာလည်း စစ်သည်ဦးရေမပြည့်စုံပါဘူး။ တပ်ရင်းတရင်းမှာ ရှေ့တန်းကိုလွှတ်နိုင်တဲ့စစ်သည်က (ဂုဝ) လောက်ပဲရှိပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် အခြေစိုက်စခန်းကို ကာကွယ်မယ့်စစ်သည်(၄၀)လောက်သာရှိပါတယ်။ ရာဇဝတ်မှုကျုးလွန်သူ၊ ကြွေးတင်သူနဲ့ဆေးစွဲသူတွေကို အာဏာသိမ်းတပ်ထဲဆွဲသွင်းနေတယ်လို့ ဆိုပါတယ်။ အထက်အရာရှိကျေနပ်အောင် စာရင်းလိမ်တာဟာ စစ်တပ်ရဲ့ဓလေ့ထုံးစံဖြစ်နေတဲ့အတွက် စစ်တပ်အင်အားအမှန်ကို တပ်ချုပ်နဲ့ဒုတပ်ချုပ်တို့တောင်သိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ တကယ်တော့ တိုက်ခိုက်ရေးအင်အား(ဂု၀၀၀၀)နဲ့အခြားတပ်ရဲတပ်ဖွဲ့ပါထည့်ပေါင်းရင် အာဏာသိမ်းတပ်မှာအင်အား တသိန်းခွဲလောက်သာရှိတော့တာမို့ ကျုံ့ ရှုံ့တပ်မတော်ဖြစ်နေပါတယ်။

Your browser doesn’t support HTML5

ကျုံ့ရှုံ့နေတဲ့ အာဏာသိမ်းတပ် (ဦးအောင်ခင်)