စိုက်ပျိုးရေးအခြေမဟန်လို့ တောင်သူတွေ မွေးမြူရေးဘက်ပြောင်း

ရန်ကုန်မြို့စွန်က မွေးမြူရေးလုပ်ငန်းမြင်ကွင်း

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အရှုံးပေါ်နေတဲ့အတွက် တောင်သူလယ်သမားတွေဟာ နှစ်စဉ် မစိုက်ပျိုးပဲ ပလပ်ထားတဲ့ လယ်ယာမြေတွေပေါ်မှာ မွေးမြူရေးလုပ်ငန်းတွေ ကို တပိုင်တနိုင်လုပ်ကိုင်နေကြပါတယ်။ ဒီအကြောင်းလေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း ကနေ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေကို မေးမြန်းပြီး စုစည်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုတ်ယုတ်လာနေတဲ့အတွက် နှစ်စဉ်နှစ်တိုင်း လယ်ယာမြေတွေကို အပြည့်အဝ စိုက်ပျိုးခြင်းမရှိတော့ပဲ ပလပ်မြေအဖြစ်နဲ့ လွှတ်ထားကြပါတယ်။ အခုအခါမှာတော့ အဲဒီ ပလပ်မြေတွေပေါ်မှာ တောင်သူလယ်သမားတွေဟာ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်လာကြတာတွေ တော်တော်များလာတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မကွေးတိုင်း အတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့သူတဦး က အခုလိုပြောပါတယ်။

" စိုက်ပျိုးရေးနဲ့ကတော့ မလုံလောက်ဘူး။ မလုံလောက်တော့ မွေးမြူရေးကို ဝက်ကို တော်တော်ကြီးကြီး ကျယ်ကျယ် ရွာတိုင်းလိုလို မွေးလာကြပြီ။ အကောင် ၁ဝ ကောင် ၁၅ ကောင် အဲလို တော်တော်မွေးကြတယ်။ အမှန်ကတော့ စိုက်ပျိုးရေးနဲ့ မလုံလောက်လို့ပေါ့။ တခြားဝင်ငွေရှာတာလေ။ ဆိတ်မွေးမြူရေး တနိုင် ၊ ဝက်မွေးမြူရေးတွေပေါ့။ ကြီးကြီးကျယ်ကျယ် လုပ်ကြတဲ့ရွာတွေလည်းရှိတယ်။ ဝက်ကို ရာချီမွေးတာတွေလည်း ရှိတယ်။ စိုက်ပျိုးရေးနဲ့ကတော့ ဘယ်လိုမှ မလုံလောက်ဘူး။ အကုန် ကုန်ဈေးနှုန်းတွေက တက်နေတော့ နှစ်တိုင်းလိုလိုပါပဲ။ စားဝတ်နေရေးအတွက်ကတော့ စိုက်ပျိုးရေးက လုံးဝမလုံလောက်ဘူး။ ရွာတိုင်းလိုလိုပဲ။ မွေးမြူရေးအလုပ်တွေ တွဲဖက်လုပ်တယ်။ ဆိတ်၊ နောက်ပိုင်းများများစားစားမွေးလာတာကဝက် ၊ ကြက်မှာလည်း ဥစားကြက်ပေါ့ အဓိကကတော့ ၊ နောက်တော့ အသားစားကြက် ၊ ကြက်ကို အကြီးအကျယ်မွေးကြတာ။ ဝက်ကတော့ သေချာပေါက် ပုံသေနည်းအမြတ်ပဲ။ ဒီနှစ်ပိုင်းမှာ ရွာတိုင်းလိုလိုပဲ တနိုင်မွေးမြူကြတာ"

စိုက်ပျိုးရေး ဥပဒေအရဆိုရင် တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးမြေကို မိမိသဘောနဲ့ မစိုက်ပျိုးပဲ ပလပ်ထားပိုင်ခွင့်မရှိပါဘူး။ တကယ်လို့ မလိုက်နာဘူးဆိုရင် စည်းကမ်းပျက်မြေအဖြစ် အစိုးရကနေ သိမ်းယူခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးစားရိတ်တွေ ကြီးမြင့်ပြီး ထွက်ရှိတဲ့ သီးနှံတွေကြတော့ ရောင်းချဖို့ ဈေးကွက်ကောင်းကောင်းမရှိတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် လယ်ယာမြေတွေကို အပြည့်အဝ စိုက်ပျိုးခြင်းမရှိကြပါဘူး။

ရခိုင်ပြည်နယ်ကဆန်စပါးလုပ်ငန်းခွင်တစ်ခု (‌မတ်လ ၊ ၂၀၂၂)

အဲဒီအတွက် မြို့နားနီးတဲ့ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားခြင်းမရှိပဲ အိမ်ဝိုင်းကွက်တွေအဖြစ် မိမိသဘောနဲ့ အကွက်ရိုက် ရောင်းချကြတာတွေ ၊ လယ်ယာမြေတွေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းလုပ် တာတွေ လုပ်ကိုင်ကြတာတွေ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ အခုနှစ်တွေ အပိုင်းမှာတော့ အဲဒီ ပလပ်ထားတဲ့ စိုက်ပျိုးမြေတွေပေါ်မှာ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်လာကြတာတွေဟာ တော်တော်ကို များလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေသ အတော်များများကို တောင်သူလယ်သမားအရေး သင်တန်းတွေ ပို့ချပေးနေသူတဦး က အခုလိုပြောပါတယ်။

" စိုက်ပျိုးရေးက သိပ်ပြီး အားကိုးလို့မရတဲ့ အခါကြတော့ ရွာတွေမှာ မွေးမြူရေးလေးတွေ လုပ်လာတယ်။ လယ်ယာမြေတွေပေါ်မှာ ကြက်ခြံတွေ ကျနော်တွေ့တယ်။ တချို့တွေက စိုက်ပျိုးရေးကို လုံးဝမလုပ်တော့ပဲနဲ့ လယ်ယာမြေတွေ ၊ ယာမြေတွေပေါ်မှာ ကြက်ခြံတွေလုပ်တယ်။ ဆိတ်မွေးမြူရေး ဆိုရင် အထူးသဖြင့် မကွေးတိုင်းထဲမှာ အထူးသဖြင့် အောင်မြင်တယ်ဗျ။ သူတို့ပို့ပြီဆိုရင် ကားတွေနဲ့ တင်ပြီးမှ အကြီးအကျယ်ပို့တာပေါ့လေ။ ကုလားတွေသုံးတာများတယ်ပေါ့လေ။ ဆိတ်က နောက်ဆက်တွဲ ကုန်ကျစားရိတ်က နည်းတာကို။ အချိန်တန်ရင် ကျောင်းထားလိုက်တာနဲ့ အစာကိစ္စက အဆင်ပြေသွားတာကို။ အဲဒီလို ယာတွေကို ပြောင်းလဲ အသုံးချလာတာမျိုးတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို ပြောင်းလဲအသုံးချတာဟာ အားကိုးရတဲ့ အနေအထားမရှိသေးဘူးဆိုတာလည်း တွေ့ရတယ်။ နွားကြတော့ သိပ်မမွေးနိုင်ဘူးဗျ။ နွားကြတော့ နောက်ဆက်တွဲကုန်ကျစားရိတ်တွေလည်း များတယ်။ ဆိတ်ကကြ တွေ့ရာအရွက်စားတဲ့ သတ္တဝါမျိုးဆိုတော့ နောက်ဆက်တွဲ ကုန်ကျစားရိတ်မရှိဘူး။ နောက်တခါ တနှစ်ကို ၃ လေးသား ကျပုံရတယ်။ အဲဒီအခါကြတော့ ဆိတ်ဖက်ကို လူတွေက လှည့်လာကြတာပေါ့ဗျာ။ အဲဒါလည်း တောင်သူလယ်သမားထုတရပ်လုံးက အားကိုးရတဲ့ အနေအထားတရပ် ဖြစ်မလာသေးဖူး ဆိုတာကတော့ မြင်ရတယ်ပေါ့ဗျာ။ ပြောရမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးဆိုတာကတော့ တွဲနေတဲ့ စကားလုံးပဲ၊ ထွန်းကားအောင်လုပ်ဖို့လိုတာပေါ့ဗျာ"

တကယ်တော့ မြန်မာကျေးလက်ဓလေ့အရ စိုက်ပျိုးရေး အဓိကဖြစ်သလို ကျွဲနွား ၊ တိရစ္ဆာန်တွေ လွှတ်ကျောင်းမွေးမြူဖို့အတွက် စားကျက်မြေ ဆိုတာကို အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ်ကတည်းက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို စားကျက်မြေတွေ ရှိတဲ့အတွက် ကျေးလက်တွေမှာ စိုက်ပျိုးရေးတင်သာမက တိရိစ္ဆာန်မွေးမြူရေးကိုလည်း ဖွံဖြိုးအောင်လုပ်ခဲ့ကြပါတယ်။ ဒါအပြင် တိရိစ္ဆာန်ရဲ့ အညစ်အကြေးတွေကနေလည်း သဘာဝ မြေသြဇာအဖြစ် မိမိတို့ စိုက်ပျိုးရေးမှာ အသုံးချနိုင်ကြပါတယ်။ ဒါကြောင့် ဓါတုမြေသြဇာတွေကို အသုံးပြုမှုနည်းတဲ့အတွက် ထွက်ရှိလာတဲ့ သီးနှံတွေဟာလည်း သဘာဝ Organic ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တဖြေးဖြေး နဲ့ စားကျက်မြေတွေကို အာဏာပိုင်တွေ ၊ ကုမ္ပဏီတွေက သိမ်းယူလာကြတဲ့အတွက် ကျေးလက်တွေမှာ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေလည်း တိမ်ကောလာခဲ့ကြပါတယ်။ အဲဒီလို စားကျက်မြေတွေ ဆုံးရှုံးသွားတာ နဲ့ ပတ်သက်ပြီး ဒေသ အတော်များများကို တောင်သူလယ်သမားအရေး သင်တန်းတွေ ပို့ချပေးနေသူတဦးက အခုလို ပြောပါတယ်။

" စားကျက်မြေတွေ ပျောက်သွားတာကတော့ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ့။ ၁၉၈၈ နဲ့ ၂ဝ၂၂ စစ်အုပ်ချုပ်ရေး ကာလအတွင်းလောက်မှာ စားကျက်မြေ အတော်များများက မြန်မာပြည်မှာ ပျောက်ကွယ်သွားရတာပေါ့။ ပုံစံအမျိုးမျိုးနဲ့ ပျောက်ကွယ်သွားရတာပေါ့။ တချို့လည်း သက်ဆိုင်ရာ မြေစာရင်းတို့ ရယက တို့နဲ့ လယ်ယာမြေတွေဖြစ်ကုန်ပြီ။ တိုးပွားလာတဲ့ လူဦးရေကို စားကျက်တွေကို ဖျက်ပြီးကာမှ လယ်ယာမြေအဖြစ် ရောင်းချတာတွေရှိတယ်။ တချို့ကကြတော့လည်း ကျူးကျော်စိုက်ပျိုးတာပေါ့ဗျာ။ တချို့ကကြတော့လည်း ကျနော်တို့ တောင်သူလယ်သမားတွေကိုယ်တိုင်က လယ်ယာမြေလိုအပ်ချက်အရ စားကျက်မြေကို ကျူးကျော်စိုက်ပျိုးပြီးကာမှ ရယူလိုက်ကြတဲ့ အနေအထားတွေလည်းရှိတယ်။ တချို့ကလည်း ရယက က ရောင်းစားတယ်။ တချို့ကလည်း တောင်သူကိုယ်တိုင် ကျူးကျော်စိုက်ပျိုးရယူကြတယ်။ ပုံစံအမျိုးမျိုးနဲ့ စားကျက်မြေ ပျောက်ကွယ်ကုန်တယ် "

အလားတူ ဧရာဝတီတိုင်း ဒေသတချို့မှာလည်း လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိပဲနဲ့ လယ်မြေတွေမှာ ကန်တူးပြီး ပုဇွန်မွေးမြူရေး ၊ ငါးမွေးမြူရေးတွေ လုပ်နေကြတာတွေရှိပါတယ်။ အဲဒီလို ပုဇွန်ကန်တွေ ၊ ငါးကန်တွေ တူးလိုက်တဲ့အတွက်ကြောင့် မူလ စပါးစိုက်တဲ့ လယ်မြေဟာ လုံးဝပျက်စီးသွားပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ မွေးမြူရေးလုပ်ငန်းကို စိုက်ပျိုးမြေပေါ်မှာ လုပ်ကိုင်လာကြရတာဟာ အဓိက စိုက်ပျိုးရေး က အကျိုးမရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စနစ်တကျ မွေးမြူရေးကို တိုးချဲ့လုပ်ကိုင်ဖို့ကတော့ စိုက်ပျိုးရေးမှာလိုပါပဲ။ ကျေးလက်တွေမှာ လုပ်သားရှားပါးတဲ့အတွက် မလွယ်ကူပါဘူး။ အဲဒီအတွက် တပိုင်တနိုင်မွေးမြူရေး အဆင့်မှာပဲ တောင်သူလယ်သမားအများစုက လုပ်နိုင်ကြပါတယ်။ တောင်သူလယ်သမားတွေဟာ အဲဒီလို မွေးမြူရေးတွေလုပ်လာကြတာဟာ အသားစားအတွက်သာ ဖြစ်ပြီး ခိုင်းနွားတွေကတော့ ရှားပါးနေဆဲဖြစ်ပါတယ်။ ခိုင်းနွားရှားပါးတဲ့အတွက် စိုက်ပျိုးရေးမှာ ထွန်ယက်၊ စိုက်ပျိုးဖို့အတွက်လည်း အခက်အခဲရှိနေပါတယ်။ အခုတော့ တောင်သူလယ်သမားတွေမှာ လောင်စာဆီဈေးတွေကလည်း ကြီးလွန်းတဲ့အတွက် လယ်ထွန်စက်တွေကိုလည်း ငှားရမ်းပြီး ထွန်ယက်နိုင်ခြင်းမရှိတဲ့အတွက် စိုက်ပျိုးရေးမှာ ပြန်လည် နလန်ထူလာဖို့ကတော့ လွယ်ကူခြင်းမရှိတော့ပဲ အခုလို တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်နေကြရဦးမှာဖြစ်ပါတယ်။