စစ်အာဏာသိမ်းနောက်ပိုင်း ထောင်တွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွား

ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချတာ၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ ပိုတိုးလုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ရပ်တွေအဆုံးသတ်စေဖို့ ဘယ်လိုထိရောက်တဲ့အရေးယူ အပြစ်ပေးမှုတွေ လုပ်သင့်ပါသလဲ။

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းစဉ် လမ်းမှာ ပစ်သတ်ခြင်းခံရတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ပဲခူးတိုင်း ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ဒိုက်ဦးအကျဉ်းထောင်က ရွှေ့ပြောင်းစဉ် ဇွန်လ (၂၇) ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကို ဇူလိုင် ၉ ရက်နေ့မှာ VOA ထုတ်လွှင့်ခဲ့ပါတယ်။ Myanmar Now ကလည်း "ဒိုက်ဦးထောင်တွင်းမှစစ်ကောင်စီ၏ လူသတ်ပွဲများ”ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို ဇူလိုင် ၁၂ ရက်နေ့ကဖော်ပြခဲ့တာတွေ့ရပါတယ်။အဲဒီဆောင်းပါးမှာကိုခန့်လင်းနိုင်၊ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ကိုဇင်မြင့်ထွန်း(ခ)ရာလေးနဲ့ကိုအောင်မျိုးသူတို့ သေဆုံးတာကို အတည်ပြုနိုင်တယ်။သူတို့ ဇွန် ၂၇ ရက်နေ့ကသေဆုံးသွားကြောင်းစာကို ဇူလိုင် ၇ ရက်နေ့မှာ မိသားစုတွေထံကို ထောင်က အကြောင်းကြားစာပို့တယ်။ စာမှာ ဒိုက်ဦးထောင်ဦးစီးအရာရှိ ဦးကျော်ဇေယျက လက်မှတ်ထိုးထားတယ်။ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့အကြောင်းပြချက်မှာတော့ ထောင်ပြောင်းစဉ် လမ်းမှာကားမှောက်တယ်။ ကားမှောက်တဲ့အခါ ထွက်ပြေးဖို့ကြိုးစားလို့ ခြောက်လှန့်ပစ်ခတ်ရာမှာ သေဆုံးခြင်းဖြစ်တယ်လို့ ထောင်က မိသားစုတွေထံပေးပို့တဲ့စာမှာ ဖော်ပြထားတယ်လို့ Myanmar Now ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ထောင်ပြောင်းရင် ခြေကျင်းက နှစ်ယောက်ကို တစ်ကွင်းခတ်တာမို့ ထွက်ပြေးဖို့မလွယ်ဘူးလို့ ထောင်ပြောင်း အတွေ့အကြုံရှိတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ပြောကြားချက်ကိုလည်း Myanmar Now ဆောင်းပါးမှဖော်ပြထားပြီး ဒါဟာ ထွက်ပြေးတယ်အကြောင်းပြပြီး အပြတ်ရှင်းတဲ့လုပ်ရပ်လို့ မှတ်ချက်ပေးပါတယ်။

VOA ကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာ တစ်နှစ်ပြည့်တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ "ကွပ်မျက်မှုတစ်နှစ်ပြည့်ချိန် ထောင်တွင်းသတ်ဖြတ်မှုတွေ ပိုများ”ဆိုတဲ့ သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။အဲဒီသတင်းမှာ ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းစဉ် လမ်းမှာ ပစ်သတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလေးဦးအပြင် မြင်းခြံထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားဦးစိန်ဝင်းကို ထောင်ပြင်ခေါ်ထုတ် စစ်ဆေးပြီး ပြန်ရောက်လာတဲ့အခါ စစ်ကြောရေးမှာ ရတဲ့ ဒဏ်ရာ၊ဒဏ်ချက်တွေနဲ့ သေဆုံးခဲ့ရသလို သာယာဝတီထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ အပြင်ခေါ်ထုတ်စစ်ဆေးစဉ် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို ကိုကားပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်မှု သံသယနဲ့ ဖမ်းဆီးခြင်းခံထားရသူ ကိုကောင်းဇော်ဟိန်းနဲ့ ကိုကျော်သူရတို့ကိုလည်း ဇူလိုင် ၆ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုးပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ရန်ကုန်မြို့တစ်နေရာမှာ ပစ်သတ်ခဲ့ရတယ်လို့ စစ်ကောင်စီက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ AAPP တာဝန်ရှိသူတစ်ဦးကတော့ "ပိုပြီးဆိုးလာတာကလည်း ဒါရှင်းပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ ကဏ္ဍပေါင်းစုံမှာ ရှုံးနိမ့်နေတဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲနဲ့ သူတို့လက်ခုပ်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပုံစံမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်မယ်။ မတရား သတ်ဖြတ်တာတွေ၊ ထောင် မတရားပြောင်းတာတွေ၊ သူတို့လုပ်လို့ရတဲ့ ညှင်းပန်းနှိပ်စက်မှုပေါင်းမျိုးစုံနဲ့ ကျူးလွန်ကြတာဖြစ်တယ်။သေချာပေါက် ဒါက ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူတဲ့ ခေတ်အခြေအနေကို ရောက်နေတာပါဗျ”လို့ VOA ကို ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်ကို Google Map မြေပုံမှ မြင်တွေ့ရစဉ်

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃,၈၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်သောင်းနီးပါးရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။ "အာဏာရှင်စနစ် အဆက်ဆက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အညိုးတကြီးနဲ့ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေရှိခဲ့ပါတယ်။အခုနောက်ပိုင်း ထူးခြားချက်ကတော့ ထောင်ပြောင်းတယ်ဆိုပြီးတော့ လုပ်ဆောင်တယ်။အဲဒီကမှ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်တာ။ဒါက ပြောမယ်ဆိုရင်တော့ ဒီသတ်ဖြတ်မှုတွေဖန်တီးပြီးတော့ အမှုဆင်ပြီးလုပ်ဆောင်ချက်တွေဖြစ်တယ်ဆိုတဲ့ သက်သေတွေရရှိပါတယ်။ဘယ်လိုမှ ထွက်ပြေးမှု မလုပ်နိုင်တဲ့အနေအထားမျိုးမှာ ဒါကို အကြောင်းပြပြီး သတ်ဖြတ်မှုဟာ လိမ်လည်လှည့်စားသော၊နောက်ထပ် နိုင်ငံရေးအကျဉ်းသားပေါ်မှာ အကြမ်းဖက်မှု၊လူသတ်မှုပဲဖြစ်ပါတယ်။ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ဒါတွေ မဖော်ထုတ်နိုင်ဘူးဆိုရင် နောက်ထပ် ဒါတွေထပ်ပြီး ဖြစ်သွားမှာပါပဲ။ဖော်ထုတ်ရုံတင်မကဘဲနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေက ထောင်စည်းကမ်းဖောက်ဖျက်ရုံတင်မကဘဲ သတ်ဖြတ်မှု၊ရက်စက်ယုတ်မာစွာဖြင့် ကြံစည်မှု၊ ဒါတွေကို တရားစွဲဆိုပြီး တရားဥပဒေရဲ့ စီရင်မှုကို ခံဖို့ဆက်လက်ကြိုးစားရမှာ ဖြစ်ပါတယ်”

ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)မှာ စစ်ဆေးအရေးယူဖို့ ဇူလိုင် ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောကြားခဲ့တာ တွေ့ရပါတယ်။စစ်ကောင်စီကတော့ ထုံးစံအတိုင်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအရေးဟာ "ပြည်တွင်းရေး သက်သက်သာဖြစ်ကြောင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်ခြင်းမရှိဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းက လျှို့ဝှက်ထုတ်ယူလာတဲ့ ထောင်တွင်းအခြေအနေတွေကို ဆွဲပြထားသည့်ပုံ (ဧပြီ ၁၇၊ ၂၀၂၁)

အခုလို နိုင်ငံရေးအကျဉ်းသားတွေ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းခံနေရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးကတော့"မတရားဖမ်းဆီးထောင်ချတာတွေ၊စိတ်မထင်ရင် မထင်သလို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတာတွေဟာ စစ်အာဏာရှင်စနစ် ရှိနေသ၍တော့ ကြုံနေကြရမှာပဲ။ ပပျောက်သွားဖို့ မမြင်ဘူး။စစ်ဗိုလ်ချုပ်တွေ အခုလို ရက်ရက်စက်စက် စိတ်ထင်တိုင်းကြဲနေတာဟာ အတိတ်က သူတို့လုပ်ရပ်တွေအတွက် အပြစ်ပေး၊အရေးယူခြင်း မခံကြရလို့ပဲ။ နိုင်ငံရှေ့ရေးကြည့်ရတယ်၊ အမျိုးသားရင်ကြားစေ့ရေး အဲဒါတွေကြောင့် စစ်ဗိုလ်ချုပ်တွေရဲ့ သတ်ဖြတ်မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေဟာ အရေးယူ၊အပြစ်ပေးခြင်း မခံရဘဲ ပြစ်ဒဏ်တွေက ကင်းလွတ်နေခဲ့ကြတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ ပိုအတင့်ရဲလာကြတာ။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ Transitional Justice လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို မဖြစ်မနေ လုပ်ရမယ်။ ဘယ်လိုနည်းနဲ့မှ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မပေးသင့်တော့ဘူး”လို့ သဘောထား မှတ်ချက်ပေးပါတယ်။