တရှိန်ထိုးဆင်းနေတဲ့ စီးပွားရေး နလံထူဖို့ အလားအလာ "ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း"

လျှော့ဈေးနဲ့ရောင်းပေးနေတဲ့ စားအုန်းဆီကို ဝယ်ယူဖို့တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)

လက်ရှိအချိန်မှာ အခြေအနေဆိုးရွားနေတဲ့ မြန်မာ့စီးပွါးရေး ဘယ်အချိန်မှာ နလံပြန်ထူနိုင်မှာပါလဲ။

ဒေါ်လာစျေး၊ရွှေစျေး၊ဆန်စျေး၊ဆေးစျေးတွေ အပါအဝင် အထွေထွေကုန်စျေးနှုန်းတွေ တဟုန်ထိုး တက်နေချိန်၊ အလုပ်အကိုင်ရှားပါး၊ အလုပ်လက်မဲ့တွေများလာချိန်၊ အိမ်ထောင်စုတွေ ဝင်ငွေလျော့နည်းလာကာ စီးပွါးရေးပိုမို ကျပ်တည်းလာချိန်၊ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ၊နိုင်ငံခြားကမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွါနေချိန်၊ စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုမိုပြင်းထန်လာချိန်၊ သဘာဝဘေး၊ စစ်ဘေးတွေကြောင့် မလုံမခြုံဖြစ်နေချိန်မှာ အရပ်သားအစိုးရလက်ထက်ကထက် စစ်ကောင်စီလက်ထက်မှာ နိုင်ငံရဲ့ GDP ကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတဲ့အကြောင်း သတင်းကို အံ့ဩစွာဖတ်ရှုရပါတယ်။

အရပ်သားအစိုးရလက်ထက်ကထက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမတည်ငြိမ်သည့်တိုင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တိုးတက်လာတယ်လို့ပြောတဲ့ စစ်ကောင်စီဥက္ကဌက ပြောတဲ့အကြောင်း၊အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ခုနှစ်မှာနိုင်ငံရဲ့ GDP ဟာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိနေရာက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ မှာ အပေါင်း ၃ ရာခိုင်နှုန်း အထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့စီးပွါးရေးရာကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဩဂုတ်လ ၂၆ ရက်နေ့ ၊ ဧရာဝတီသတင်းမှာဖော်ပြထားပါတယ်။စစ်ကောင်စီဥက္ကဋ္ဌကတော့ ဘယ်လိုအချက်အလက်တွေပေါ်အခြေခံပြီးပြောတယ် မသိပါဘူး။ ဧရာဝတီသတင်းဌာနကတော့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေဟာကမ္ဘာ့စီးပွားရေးကိန်းဂဏန်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး နှစ်စဉ်အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေနဲ့တော့ ကွဲလွဲနေတယ်လို့ ထောက်ပြထားပါတယ်။၂၀၂၀ နှစ်မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၁၉ ထက် ၁၀ ဘီလီယံကျော် တိုးတက်ခဲ့ပြီး ၇၈ ဒဿမ ၉၃ ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ မှာတော့ GDP ဟာ ၁၄ ဘီလီယံနီးပါး လျော့ကျကာ ၆၅ ဒသမ ၁၂ ဘီလီယံသို့ ရောက်ရှိသွားတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်။၂၀၂၂ မှာတော့ GDP ဆက်လက်လျော့နည်းသွားကာ ၅၉ ဒသမ ၃၆ ဘီလီယံသာရှိတာမို့ ၂၀၂၀ နဲ့နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းကျဆင်းသွားတာတွေ့ရတယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဧရာဝတီသတင်းက ဖော်ပြထားပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ VOA သတင်းမှာလည်း ဆန်စပါး အရောင်းအဝယ် ကန့်သတ်လာမယ့်အရေး စျေးကွက်အတွင်းစိုးရိမ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ အဲဒီသတင်းမှာ စပါးဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်တဲ့အဆင့်တိုင်းကို စောင့်ကြည့်မှတ်တမ်းတင်ဖို့ စစ်ကောင်စီလက်အောက်ခံဆန်လုပ်ငန်းရှင်တွေရဲ့ ဩဂုတ်လ ၂၇ ရက်နေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်။ ပြည်တွင်းဆန်စျေးနှုန်းကိုထိန်းချုပ်နိုင်ဖို့ ပြည်ပဆန်တင်ပို့တာကို တစ်လခွဲလောက်ရပ်နားထားမယ်။စပါးတင်းရေ ၂၀,၀၀၀၊ ငွေပမာဏနဲ့ဆိုရင် ကျပ်ငွေ သိန်း၂,၀၀၀ ထက်ပိုပြီး လှောင်ထားခွင့်မရှိတော့သလို စောင့်ကြည့် ထိန်းချုပ်မှုစနစ်နဲ့လွတ်ကင်းနေတဲ့ ဆန်အရောင်းအဝယ်တွေကို စစ်ကောင်စီက အရေးယူဖို့အထိ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ဒီအကြောင်းတွေကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဝင် ကုန်သည်တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"မနေ့က လူကြီးတွေအစည်းအဝေးမှာပြောသံကြားတာ စျေးနှုန်းတက်တာကို သူတို့ ပြန်ထိန်းချုပ်မယ့်သဘော ရှိတယ်။ ပြီးတော့ အခု ဆန်စပါးက ရဲအရေးပိုင်ကိစ္စလို့ ပြောတယ်။ စပါးဝယ်တဲ့သူကလည်း smart card လုပ်ရမယ်။ ဆန်ရောင်းတဲ့သူက smart card လုပ်ရမယ်။ စက်ပိုင်ရှင်က smart card လုပ်ရမယ်။ အဲဒီ smart card ရှိမှ စပါးဝယ်ပိုင်ခွင့်ရှိမယ်။ ဥပမာ လယ်သမား တယောက်ဆီက ကျနော်က စပါးဝယ်လိုက်ပြီပေါ့။ ပြီးရင် ဒီစပါးကို ဘယ်စက်ကိုပို့လဲ။ အဲ့လို ရဲက လိုက်ထောက်မယ်။ အဲဒီစက်ကတဆင့် ကြိတ်ခွဲပြီးရင် ဒီဆန်ကို ဘယ်ကိုပို့မလဲပေါ့။ အဲ့လို လိုက်ထောက်ပြီးတော့ ကုန်က အများကြီး လှောင်ခွင့်မရှိတော့ သိတယ်မလား။ ရတဲ့စျေးနဲ့ ထုတ်ရောင်းရမှာလေ။ ဒီကုန်သည်တွေကတော့”

ဘယ်ချိန်ပြေးရမလဲဆိုတဲ့စိတ်နဲ့ ကောက်စိုက်နေရတယ်ဆိုတဲ့ ရုပ်သံသတင်းတစ်ကိုလည်း ဩဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီသတင်းမှာကြည့်ရပါတယ်။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် စပါးစိုက်ပျိုးချိန်ဖြစ်ပေမဲ့ ကောက်စိုက်သူ၊ပျိုးနှုတ်သူတွေနဲ့ လယ်ထွန်သူတွေ ထွက်ပြေးနေရတဲ့အကြောင်း သတင်းဖြစ်ပါတယ်။ နယ်မြေ မတည်ငြိမ်၊မအေးချမ်းတဲ့အတွက် စပါးစိုက်ပျိုးရေးကို အားစိုက်မလုပ်နိုင်တာကို ပေါ်လွင်စေတဲ့သတင်းပါ။အပြည့်အဝမစိုက်ပျိုးနိုင်ရင် နောက်ဆက်တွဲအနေနဲ့ စပါးအထွက်လည်းလျော့လာနိုင်ပါတယ်။

ဆန်စပါးဟာ မြန်မာနိုင်ငံရဲ့ အဓိကစားသုံးကုန်ဖြစ်သလို အဓိကပို့ကုန်တစ်ခုလည်းဖြစ်ပါတယ်။အလုပ်အကိုင်ရှားပါး၊အလုပ်လက်မဲ့တွေများလာပြီး အိမ်ထောင်စုတွေဝင်ငွေကျဆင်းနေချိန်မှာ အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းကြီးမြင့်လာခြင်းဟာ အခြေခံလူတန်းစားကို ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်လာနိုင်ပါတယ်။အဓိကနိုင်ငံခြားပို့ကုန်ဖြစ်တဲ့ ဆန်ကို ပြည်တွင်းဖူလုံရေးအတွက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားမယ်ဆိုရင် နိုင်ငံခြားဝင်ငွေလျှော့နည်းလာပါမယ်။နိုင်ငံခြားဝင်ငွေ မရှိရင် သွင်းကုန်တင်သွင်းဖို့လည်း အခက်အခဲဖြစ်လာမှာပါ။မြန်မာ့စီးပွါးရေးက မုန့်လုံးစက္ကူကပ်အခြေအနေမျိုးလို့ဆိုရမှာပါ။

ဒါကြောင့်လည်း Aljazeera သတင်းဌာနက စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွါးရေးဟာ ရိုလာကိုစတာစီးနေရသလိုပဲ ခေါင်းစဉ်ပေးပြီး ၂၀၂၃၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့တာဖြစ်မှာပါ။ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ဥပဒေတွေ၊စည်းမျဉ်းစည်းကမ်းတွေက ရုတ်တရက်ပြောင်းလဲနေတယ်။ပွင့်လင်းမြင်သာမှုကလည်း မရှိလေတော့ စီးပွါးရေးလုပ်ရတာ အခက်အခဲတွေက ဒုနဲ့ ဒေးမို့ ရိုလာကိုစတာစီးနေရသလိုပဲလို့ ဥပမာပေးရေးသားတာဖြစ်ပါတယ်။

အဲဒီဆောင်းပါးရဲ့ အဆုံးသတ်မှာ အောင်သက်ဆိုတဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးက "အခုလက်ရှိ မြန်မာနိုင်ငံဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှ အဆိုးဆုံးအခြေအနေမှာ ရောက်နေပါတယ်။ စီးပွားရေး ပြိုလဲပျက်စီး၊ လူ့အဖွဲ့အစည်းလည်း ပြိုကွဲ၊ အရာအားလုံး ပြိုပျက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်ကို ယုံကြည်တယ်လို့ပြောရင် မင်းအံ့ဩသွားမလား။ ဘာကြောင့်လဲဆိုတော့ အရှူံးမပေးပဲ ရုန်းကန်ကြဖို့ ငါတို့စိတ်ပိုင်းဖြတ်ထားလို့ပဲ” လို့ ပြောဆိုကြောင်းနဲ့အဆုံးသတ်ထားပါတယ်။

ဘာကြောင့် အခုလို့ ဒေါ်လာစျေး၊ရွှေစျေး၊ဆန်းစျေးတွေအပါအဝင် ကုန်စျေးနှုန်းတွေ ဆက်တိုက်တက်နေရတာလဲ။ လတ်တလော အကြောင်းရင်း ၃ ချက်ရှိတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၊ဘောဂဗေဒပါမောက္ခ ဒေါက်တာမင်းမင်းသော်က ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံခန်းမှာပြောပါတယ်။ အဲဒီ ၃ ချက်ကတော့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီရဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွေကို အရေးယူပိတ်ဆို့ ဒဏ်ခတ်တာ၊ စစ်ကောင်စီဗဟိုဘဏ်က ၂ သောင်းတန်ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေတာနဲ့ စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းလိုက်တာကြောင့်လို့ဆိုပါတယ်။ ဒေါက်တာမင်းမင်းသော်က တိုင်းပြည်ဖွံ့ဖိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်မှုရှိဖို့လိုတယ်။ စစ်တပ်အုပ်ချုပ်နေသ၍ကတော့ တည်ငြိမ်မှုရှိမှာ မဟုတ်တဲ့အတွက် တိုင်းပြည်အတွက်ကတော့ အခြေအနေမကောင်းဘူးလို့ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အရပ်သားအစိုးရလက်ထက်ကထက် စစ်ကောင်စီလက်ထက်မှာ GDP ပိုပြီးတိုးတက်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ စီးပွါးရေးပညာရှင်တွေရဲ့ သုံးသပ်ချက်တွေဟာ မြန်မာ့စီးပွါးရေး တိုးတက်နေသလား၊ဆုတ်ယုတ်ကျဆင်းနေသလားဆိုတာ ပေါ်လွင်နေပါတယ်။လက်ရှိဆိုးရွားနေတဲ့ မြန်မာ့စီးပွါးရေး ဘယ်လိုအခြေအနေမှာ ပြန်လည်ကောင်းမွန်လာမလဲ။ ဩစတေးလျနိုင်ငံ၊ Macquarie တက္ကသိုလ်ပါမောက္ခရှောင်တာနယ်က စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်မှသာ မြန်မာ့စီးပွါးရေး ပြန်လည်နလံထူမယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ့(USIP) ကို မှတ်ချက်ပေးပြောကြားခဲ့ကြောင်းပါခင်ဗျား။