နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားများရဲ့ အခန်းကဏ္ဍ

ကုလသမဂ္ဂရှေ့ ထောက်ခံဆန္ဒပြပွဲ (စက်တင်ဘာ ၁၇၊ ၂၀၂၃)

“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုး ဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေအပြင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုး ဖျက်ဆီးခြင်းခံနေရပါတယ်”

အခုလိုပြောကြားခဲ့တာကတော့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ဖြစ်ပါတယ်။စက်တင်ဘာ ၁၉ ရက်နေ့က ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကလည်း "မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မတည်ငြိမ်မှုတွေဟာ ခုထိ ဆက်လက်ဖြစ်ပွားနေပြီး၊ ဒီအခြေအနေတွေအပေါ် ကျနော်တို့ အလွန်ကိုပဲ စိုးရိမ်ထိတ်လန့်မိပါတယ်။ ဒါဟာ အာဆီယံအတွင်းမှာဖြစ်ပွားနေတာပါ။ မြန်မာပြည်ပြဿနာဟာ ဒီနှစ်ပိုင်းတွေအတွင်း အာဆီယံရဲ့ အကြီးမားဆုံးဖြစ်တဲ့ မဟာဗျူဟာမြောက် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာဖြစ်နေပါတယ်” လို့ သူ့ရဲ့ ကုလသမဂ္ဂမိန့်ခွန်းမှာ ပြောကြားခဲ့တာတွေ့ရပါတယ်။

High-Level Week လို့ခေါ်ကြတဲ့ သီတင်းပတ်ထဲမှာ ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိနေကြပြီး ကုလသမဂ္ဂရဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီနှစ်အတွက် ကုလသမဂ္ဂရဲ့ High-Level Week ကတော့ စက်တင်ဘာ ၁၉ ကနေ ၂၆ ရက်နေ့ သီတင်းပတ်ဖြစ်ပါတယ်။ အဲဒီကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ NUG ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေလည်း နယူးယောက်မြို့မှာ ရောက်ရှိနေခဲ့ကြပါတယ်။NUG ဝန်ကြီးတွေဟာ နယူးယောက်မှာအမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kirtenbrink၊အရှေ့တီမောသမ္မတ Joes Ramos-Horta၊လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis၊ကမ္ဘာ့အထင်ကရခေါင်းဆောင်များအဖွဲ့ (The Elders)အဖွဲ့ဥက္ကဌ အိုင်ယာလန်သမ္မတဟောင်း Mary Robison နဲ့အတူ မွန်ဂိုးလီးယားသမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Elbegdor Tsakhia ၊ ကိုလံဘီယာနိုင်ငံ သမ္မတဟောင်း Juan Manuel Santos ၊ကုလသမဂ္ဂအမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward တို့နဲ့တွေ့ဆုံခဲ့တာတွေကို သတင်းမီဒီယာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ တရားဝင်သတင်းမထုတ်ပြန်ပေမဲ့ အာဆီယံခေါင်းဆောင်တွေအပါအဝင် သံအမတ်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ NUG နဲ့နီးစပ်သူတွေထံက ကြားသိရပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်မြို့မှာ စုဝေးရောက်ရှိနေချိန်မှာပဲအမေရိကန်ရောက် မြန်မာတွေဟာ နယူးယောက်မြို့ ကုလသမဂ္ဂရှေ့မှာစုဝေးခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာဆက်လက်နေရာရရှိရေးအတွက် စက်တင်ဘာ ၁၆ ရက်နေ့မှာ ထောက်ခံဆန္ဒပြခဲ့ကြတာလည်း တွေ့ရပါတယ်။နောက်ပိုင်းသတင်းတွေမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ရှိနေမယ်လို့ သိရပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးလို့ ခေါ်ဝေါ်သုံးနှုံးကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်ပရောက်မြန်မာတွေရဲ့အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ဒီအကြောင်းကို Aljazeera သတင်းဌာနက စက်တင်ဘာလ ၂၅ ရက်နေ့မှာ "ဒီမိုကရေစီရုန်းကန်လှုပ်ရှားမှုအတွက် ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားများ”ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ ချင်းတိုင်းရင်းသားတချို့နဲ့ ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသူတစ်ဦးပြောကြားချက်တွေကို ကိုးကားရေးသားထားပါတယ် ။

မြန်မာ့နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာအကူအညီက မဖြစ်စလောက်သာရရှိပေမဲ့လို့ နိုင်ငံတကာရောက်မြန်မာတွေရဲ့ အကူအညီ၊အထောက်အပံ့တွေနဲ့ တော်လှန်ရေးဟာ ဆက်လက်ရှင်သန်နေတယ်လို့ ဆောင်းပါးကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ နိုင်ငံတကာရောက်မြန်မာတွေထံက အလှူငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းရရှိခဲ့တယ်။ဒါဟာ အလွန်အရေးပါပြီး ကြီးမားထင်ရှားတဲ့ ပမာဏဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောတဲ့အကြောင်းကိုလည်း Aljazeera ဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။

နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာရောက်မြန်မာတွေရဲ့ ကူညီဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှ အခြေချနေထိုင်ကာ New York City Burmese Community (NYCBC)မှာ ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ကိုနေတင်မြင့်ကလည်း အခုလိုပြောပါတယ်။

"နွေဦးတော်လှန်ရေးမှာပေါ့လေ ပြည်ပရောက်မြန်မာတွေအနေနဲ့ အဓိကလုပ်ဆောင်တဲ့အချက် သုံးချက်ရှိပါတယ်။တစ်အချက်ကတော့ Direct Action ။နှစ်ကတော့ Diplomatic Campaign နဲ့ သုံးကတော့ Fundraising တို့ဖြစ်ပါတယ်။Direct Action ကတော့ ဆန္ဒဖော်ထုတ်မှုတွေ၊နိုင်ငံတကာမိသားစုနဲ့ နိုင်ငံတကာအစိုးရတွေသိအောင် လုပ်ဆောင်ခဲ့တယ်။မကြာသေးခင်ကဆိုရင် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် USA တနံတလျားမှာ ဆန္ဒဖော်ထုတ်မှုတွေလုပ်ခဲ့တယ်။နှစ် အချက်က Diplomatic Campaign ။ပြည်ပရောက်မြန်မာတွေအနေနဲ့ Advocacy Group အနေနဲ့ သက်ဆိုင်ရာအစိုးရတွေကို ထိတွေ့ဆက်ဆံ၊အထက်လွှတ်တော်၊အောက်လွှတ်တော်အမတ်တွေကို ထိတွေ့၊ဆက်ဆံပြီးတော့ USA မှာဆိုရင် NDAA မှာ သမ္မတကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ NDAA မှာ Burma Act ထည့်သွင်းခြင်းခံရအောင် ကျွန်တော်တို့ကြိုးစားခဲ့တယ်။ နံပါတ် သုံး အချက်ကတော့ Fundraising ပေါ့။ Fundraising ကလည်း ပြည်တွင်းမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ရဲဘော်ညီအကိုတွေနဲ့ တပ်ဦးကရှိနေတဲ့ NUG၊NUCC တို့ကို ကူညီပံ့ပိုး ဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့အတွက် Fundraising တွေ ရှာဖွေပြီးတော့ ကူညီပံ့ပိုးပေးခဲ့တယ်”

Aljazeera ဆောင်းပါး၊ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောပြောကြားချက်၊ နယူးယောက်က NYCBC ဥက္ကဌ ကိုနေတင်မြင့်တို့ရဲ့ပြောကြားချက်တွေဟာ နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ပေါ်လွင်စေပါတယ်။

မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းကလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ အဓိကကျပြီး တော်လှန်ရေးရဲ့ ပင်မအားလည်းဖြစ်ပါတယ်။ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီတဲ့ နိုင်ငံခြားရေးဆောင်ရွက်ချက်၊နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်လုပ်ဆောင်နိုင်ရေးဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။ဒါကြောင့် NUG အနေနဲ့ ပြည်ပရောက်နေတဲ့ မြန်မာတွေကို နိုင်ငံအလိုက် ဆက်သွယ်စုစည်းပြီး မဟာဗျူဟာကျကျဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာ ထောက်ခံမှု အခုထက်ပိုအားကောင်းလာပြီးတော့ တော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ လည်း ပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။