ဥပုသ်လ ကာလ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ

ဝတ်ပြုနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (အိန္ဒိယ နယူးဒေလီ ရိုဟင်ဂျာဒုက္ခသည်စခန်း၊ မတ် ၁၃၊ ၂၀၂၄)

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမာဒန်ကာလ ဥပုသ်လ စတင်လိုက်ချိန်မှာတော့ ကမ္ဘာတဝန်းက ဘီလီယံချီတဲ့ မူဆလင်တွေ ဥပုသ် ဆောက်တည်နေကြချိန်မှာ ကမ္ဘာအကြီးမားဆုံး ဒုက္ခသည်စခန်းကြီးလို့ တင်စား ခေါ်ဝေါ်ခံခဲ့ရဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာမူဆလင် သိန်းချီခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာတွေလည်း ဥပုသ်စောင့်နေကြပါပြီ။ စားနပ်ရိက္ခာဖြတ်တောက်ခံထားရတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေရဲ့ ရာမာဒန်ကာလ ဥပုသ်ဆောက်တည်တာနဲ့ ဒုက္ခသည်စခန်းတွင်း ဝတ်ပြုဆုတောင်းမှုတွေအကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းပြီး ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီစဉ်ကနေ မဆုမွန် စုစည်းတင်ဆက်ပေးထားပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးနေရာတွေတည်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ကောင်းကင်ယံမှာ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေနေ့ညက လခြမ်းကိုတွေ့မြင်ခဲ့ရတာကြောင့် ကမ္ဘာတဝန်းက မွတ်ဆလင် ၁.၈ ဘီလီယံထဲက အများအပြားတို့အတွက်ရာမာဒန် ဥပုသ်လစတင်လိုက်ပြီဖြစ်ကြောင်း SPA သတင်းဌာနကနေ မတ်လ ၁၁ ရက်၊ တနင်္လာနေ့ မှာ ဥပုသ်လစတင်ကြောင်း အာဏာပိုင်တွေရဲ့ တရားဝင်ကြေညာချက်ကို ထုတ်လွှင့်ခဲ့တာပါ။ ရာမာဒန်ဥပုသ်လကို လကိုမြင်တွေ့ရမှ စတင်တဲ့အတွက် ကမ္ဘာတဝန်း နိုင်ငံတခုနဲ့တခုကြား ဥပုသ်ရက် စတာချင်းတော့ မတူညီကြပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာတော့ ရာမာဒန်ဥပုသ်လ စတင်တဲ့အချိန် နေ့ရက်နဲ့ မူဆလင်ဒုက္ခသည်တွေ ဥပုသ်စတင်တည်ဆောက်တဲ့အချိန်နဲ့ ဝတ်ပြုဆုတောင်းမှုတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပြကြပါတယ်။

ဂါဇာဒေသက အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ မတည်မငြိမ်ဖြစ်နေချိန်မှာပဲ မွတ်ဆလင်တို့ရဲ့ ဒီနှစ် ဥပုသ်လရာသီ စတင်တာဖြစ်ပါတယ်။ ဂါဇာဒေသက စစ်ပွဲတွေနဲ့ မတည်မငြိမ်အခြေအနေတွေ အတွက် အဲ့ဒီ့ဒေသက မူဆလင်တွေအတွက် စိုးရိမ်မှုတွေရှိနေကြသလို ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာဖြတ်တောက်ခံထားရတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ သိန်းချီတဲ့ရိုဟင်ဂျာတွေရဲ ့ ဥပုသ်ကာလကလည်း စိန်ခေါ်မှုတွေရှိနေတာပါ။ ဝတ်ပြုဆုတောင်းမှုနဲ့ ဝါဖြေပွဲတွေအကြောင်းကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။

ရာမာဒန် ဥပုသ်ရာသီဟာ ငြိမ်းချမ်းရေးတန်ဖိုး၊ ဇွဲရှိမှုနဲ့ ရက်ရောတဲ့ ပေးကမ်းမှုကို ထင်ဟပ်နေသလို၊ ဝတ်ပြုဆုတောင်းမှုနဲ့ အတူတကွ လက်တွဲပြီး တဦးကိုတဦး ဖေးမကူညီမှုကို ထင်ဟပ်တဲ့အကြောင်း၊ ဒါပေမဲ့လည်း ပဋိပက္ခတွေကြားမှာ လူတွေ အိုးမဲ့အိမ်မဲ့ စွန့်ခွာနေရပြီး စိုးရိမ်ကြောက်ရွံနေရတာဟာ စိတ်မကောင်းစရာ ဖြစ်တဲ့အကြောင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လရာသီအစမှာ ကုလသဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဗွီဒီယို မိန့်ခွန်းကနေ တဆင့် မေတ္တာရပ်ခံထားပါတယ်။ ကွဲလွဲချက်တွေကို ကုစားပြီး လိုအပ်နေသူတွေကို ထောက်ပံ့ကူညီဖို့၊ ငြိမ်းချမ်းရေး တရားမျှတမှုနဲ့ မေတ္တာတရားထွန်းကားတဲ့ ကမ္ဘာကို ရှေးရှုဖို့ ဆုတောင်းတဲ့အကြောင်း အတွင်းရေးမှုးချုပ်က ပြောဆိုသွားတာပါ။

ရာမန်ဒန်ဟာ အာရှဒေသက မူဆလင်နိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်း အစ္စလမ် ဘာသာဝင်တွေ မိုးလင်းကနေ ညနေအထိ အစာမစားဘဲ ဥပုသ်သီလ စောင့်ကြတဲ့ ရာသီ ဖြစ်ပါတယ်။ အစ္စလာမ် သာဝင်တွေရဲ့ သတ်မှတ်ချက်မှာ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့အချိန်ကစပြီး ဥပုသ်ရာသီ သတ်မှတ်တာကြောင့်လည်း တနိုင်ငံနဲ့ တနိုင်ငံ အချိန် ကွာခြားတတ်ပါတယ်။ ငွေကြေးဖေါင်းပွမှု၊ စားသောက်ကုန် ဈေးတွေတက်တာနဲ့ စီးပွားရေးအကျပ်အတည်းတွေ ပဋိပက္ခတွေ နေရာတိုင်းလိုလို ကြုံနေရပေမဲ့လည်း ဘာသာရေးပွဲလမ်းနဲ့ ဗလီကျောင်းတွေမှာ ဆုတောင်းပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပါတယ်။