လုပ်သားအင်အားကို လျော့နည်းစေပြီး ရေရှည်မှာ နိုင်ငံရဲ့ စီးပွါးရေးကို ကြီးမားစွာထိခိုက်စေမယ့် စစ်မှုထမ်းဥပဒေ

Myanmar Armed Force Day

တည်ငြိမ်ပြီး၊ဖွံဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးကဏ္ဍ အထိုင်တွေဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ပျက်ယွင်းခဲ့ရပါတယ်။နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ပျက်ယွင်းခဲ့ရသလို ပြည်သူတွေရဲ့ မိသားစုဘဝတွေ၊လူတစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေလည်း ပျက်သုန်းခဲ့ကြရပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ မတည်ငြိမ်မှုနဲ့ မလုံခြုံမှုတွေထဲမှာ ပြည်သူတွေ လတ်တလောရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတာကတော့ ပြည်သူ့ စစ်မှုထမ်းဥပဒေပဲဖြစ်ပါတယ်။

ဧရာဝတီတိုင်း ကန်ကြီး​ဒေါင့်မြို့နယ်၊ မြတ်လေးချောင်းကျေးရွာအုပ်စု၊ ရေတွင်းချောင်းကျေးရွာမှာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့ ကိုအောင်သူရဦးဆိုသူဟာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတဲ့ သတင်းကို မတ်လ ၁၉ ရက်နေ့ မဇ္စျိမသတင်းမှာ ဖတ်ရှုရပါတယ်။

Myanmar Now ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဦးဟာ နေအိမ်မှာ မရှိရင် မိဘတွေ၊အုပ်ထိန်းသူတွေအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင် အဲဒီသူကို တရားခံပြေးအဖြစ်သတ်မှတ်မယ်လို့ ဖြေကြားသွားတာ တွေ့ရပါတယ်။

မတ်လ ၁၆ ရက်နေ့ ဘီဘီစီသတင်းမှာလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ပုံတွေဟာ တနေရာနဲ့ တနေရာ မတူညီ ဒေသအလိုက်ကွဲပြားမှုတွေရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။တချို့နေရာတွေမှာ မဲနှိုက်ရပြီး မဲပေါက်သူတွေကို တခါတည်း ကားပေါ်တင်ခေါ်သွားတယ်။တချို့နေရာတွေမှာတော့ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ သတင်းပို့ရတယ်။တချို့နေရာတွေကြတော့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်တယ်။ ကျောင်းတက်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေ၊နိုင်ငံခြားရောက်နေသူတွေဟာ စစ်မှုထမ်းမှုကို ကာလတစ်ခု ရွှေ့ဆိုင်းနိုင်တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်မှုထမ်းဥပဒေဟာ အလွှာအသီးသီးက မိသားစုတိုင်းအပေါ်မှာ အကျိုးသက်ရောက်စေတာကတော့ သေချာလှပါတယ်။အိမ်တိုင်းရဲ့ တံခါးပေါက်ကို လာခေါက်တဲ့ ဥပဒေလို့ ဆိုရမှာပါ။ ယုတ်စွအဆုံး စစ်ကောင်စီကို အကြွင်းမဲ့ ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပါ လက်မခံနိုင်ဖြစ်ရတဲ့ အထိပါပဲ။

"ဆန္ဒပြပွဲကို လိုက်တယ်၊ စစ်တပ်ကို ထောက်ခံတယ်ဆိုတိုင်း စစ်မှုထမ်းချင်လို့မှ မဟုတ်တာဗျာ၊ ဒီကြားထဲ ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီကလည်း အင်အား ၅ သောင်းပေးမယ်ဆိုပြီး ပြောထားတယ်၊ ပါတီကို ဝင်တယ်ဆိုတာက နိုင်ငံရေးအရ ဝင်ရောက် လှုပ်ရှားတာမျိုးလေ၊ စစ်မှုထမ်းချင်မှတော့ စစ်တပ်ထဲပဲဝင်မှာပေါ့၊ အများနည်းတူမဟုတ်ဘဲ စစ်မှုထမ်းဖို့ ခေါ် မယ်ဆိုရင်တော့ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်”ဟု မန္တလေးမြို့ခံ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကပြောတဲ့အကြောင်းကို ဧရာဝတီသတင်းဌာနရဲ့ ပြည်သူကို ပူပင်သောကပေးနေသည့် စစ်မှု့ထမ်းဥပဒေ ဆောင်းပါးမှာဖော်ပြထားတာတွေ့ရပါတယ်။

စစ်မှုထမ်းဥပဒေအပေါ် တုန့်ပြန်ပုံချင်း တဦးနဲ့တဦး မတူကြပေမယ်လို့ အလွှာအသီးသီးက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို လက်မခံနိုင်ဘူး။ဆန့်ကျင်တယ်ဆိုတာကတော့ တူညီကြသလို၊ ရှင်းလင်းတဲ့ သတင်းစကားကိုပေးကြတာတွေ့ရပါတယ်။အလားတူပါပဲစစ်မှုထမ်းရမှာကိုလည်းနည်းမျိုးစုံနဲ့ ရှောင်ဖို့ကြိုးစားကြတာကိုတွေ့ရပါတယ်။တတ်နိုင်သူတွေ၊ပညာရေးအခြေခံကောင်းရှိသူတွေက နိုင်ငံခြားကို ထွက်ခွါကြပါတယ်။အဲဒီလို အခြေအနေ မပေးသူတွေကတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာနယ်မြေတွေမှာ ခိုလှုံကြတာ၊အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်ကြတာကို တွေ့ မြင်နေရပါတယ်။ဒီစစ်မှုထမ်းဥပဒေဟာ လူငယ်တွေ၊အထူးသဖြင့် ပညာတတ်လူငယ်တွေကို နိုင်ငံတွင်းက ထွက်ခွါသွားစေတာမို့ ရေရှည်မှာ နိုင်ငံရဲ့ စီးပွါးရေးနဲ့ ပညာရေးကဏ္ဍကို အကြီးအကျယ်ထိခိုက်စေမှာပါ။စစ်မှုထမ်းဖို့ အကျုံးဝင်သူအရေအတွက်ဟာ ၁၃ သန်းခန့်ရှိတယ်လို့ သိရပါတယ်။၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လုပ်သားအင်အားဟာ ၃၃.၉ သန်းရှိတယ်လို့ဖော်ပြထားတဲ့အတွက် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အရေအတွက်ဟာ လုပ်သားအင်အားရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေတာ တွေ့ရပါတယ်။ဒါကြောင့်လည်း စီးပွါးရေးပညာရှင် ဦးစိန်ဌေးက “နောက်ဆုံး သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်တဲ့အရွယ် လူ ၁၀၀ မှာ ၆၅ လောက် အလုပ်လုပ်နေကြတာပေါ့၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား ဆုံးရှုံးနိုင်တယ်။ တိုင်းပြည်အတွက် လူသား အရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်တယ်၊ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်လည်း လုပ်သားရှားပါးမှုတွေ ရင်ဆိုင်ရနိုင်တယ်”လို့ ဧရာဝတီသတင်းဌာနကို ထောက်ပြပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီရဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မတ်လ ၁၅ ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုအား ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် စုပေါင်း လက်မှတ်ရေး ထိုး ပါဝင်ပေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အသိပေးထုတ်ပြန်ထားပါတယ်။အလားတူပါပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူလူထုအနေနဲ့ လုံးဝ လိုက်နာရန် မလိုပါလို့ ၂၀၂၄၊ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာတော့ NUG ကြေညာချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

အာဂျင်တီးနားနိုင်ငံမှာလည်း စစ်အာဏာရှင်စနစ်ရဲ့နှောင်းပိုင်းကာလတွေဖြစ်တဲ့ ၁၉၈၀ ကျော်ကာလတွေမှာ စစ်မှုမထမ်းမနေရ ဥပဒေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။Eduardo Piementel ဟာ ကျန်းမာရေးမကောင်းတဲ့ သူ့သားကို စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရဖို့ ကြိုးစားရာကနေ စစ်မှုမထမ်းမနေရဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Pimentel လို့ စစ်မှုမထမ်းမနေရဥပဒေကို ဆန့်ကျင်သူတွေ ပူးပေါင်းပြီး စစ်မှုမထမ်းမနေရဆန့်ကျင်ရေးတပ်ဦး(FOSMO) ဆိုတာပေါ်ပေါက်လာခဲ့ပြီး အတင်းအကြပ်စစ်မှုထမ်းခိုင်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် အာဂျင်တီးနားမှာ စစ်မှုမထမ်းမနေရ ဥပဒေကို ၁၉၉၅ မှာ ဖျက်သိမ်းခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူလူထုက လက်မခံကြပါဘူး။ ဆန့်ကျင်ကြပါတယ်။ဘယ်လို ပုံသဏ္ဍာန်တွေနဲ့ ဆက်လက် ဆန့်ကျင်ကြမလဲဆိုတာကတော့ မနက်ဖြန်ဆိုတဲ့နေ့ရက်တွေက အဖြေပေးပါလိမ့်မယ်။ဒီကနေ့ ဆင်နွဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေး၊နွေဦးတော်လှန်ရေးဆိုတာလည်း အခြေအနေရဲ့လိုအပ်ချက် တနည်းအားဖြင့် သမိုင်းရဲ့တောင်းဆိုချက်အရ ပေါ်ပေါက်လာရတာ မဟုတ်လား။ဒါကြောင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်အတွက်လည်း မကောင်းသလို စစ်ကောင်စီအတွက်လည်း အနုတ်လက္ခဏာတွေနဲ့သာ ရင်ဆိုင်ရဖို့ရှိတယ်လို့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုပါတယ်။

ပြည်သွေးနိုင်