မြန်မာအပေါ်တရုတ်ဩဇာဘယ်လောက်ရှိသလဲ

အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အင်အားကြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ်ထားရှိတဲ့ မူဝါဒ တိကျ ပြတ်သားမှု မရှိတာကိုက အခွင့်အလမ်းတစ်ရပ်လား

စစ်ကောင်စီရဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေ မတ်လ နောက်ဆုံးပတ်ထဲမှာ ထွက်ပေါ်ခဲ့ပါတယ်။ကျားဖြန့်လို့ခေါ်တဲ့အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့အတွက် ဗိုလ်ချုပ်အောင်လင်းထွန်းကို ဖမ်းဆီးတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။အဲဒီလို ဗိုလ်ချုပ်အောင်လင်းထွန်း အဖမ်းခံရတယ်ဆိုတဲ့သတင်းထွက်ပေါ်လာချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့မှာ မတ်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်ရဲတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ဟိုတယ်တွေ၊ကာစီနိုလောင်းကစားရုံတွေကို ဝင်ရောက်စီးနင်းတာ၊ဖမ်းဆီးတာတွေ လုပ်ဆောင်တဲ့ သတင်းတွေကို လည်း မီဒီယာတွေမှာ ဖော်ပြကြတာတွေ့ရပါတယ်။

အဲဒီလို ဝင်ရောက် စီးနင်း၊ဖမ်းဆီးရာမှာ တရုတ်ရဲတပ်ဖွဲ့ဝင်တွေဟာမူဆယ်မြို့ထဲအထိ၊ပြောရရင် မြန်မာနိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်တယ်လို့ တချို့သတင်းတွေမှာ ဖော်ပြတာတွေ့ရပါတယ်။ဒီလိုလုပ်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးရာ၊ကျူးကျော်ရာ မရောက်ဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ပြည်သူတွေကြားမှာ ထွက်ပေါ်လာပါတယ်။နိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးကတော့ ဒါဟာ တရုတ်ရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှု၊ဝင်ရောက်စွက်ဖက်မှုပါပဲ။ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ကျားဖြန့်နဲ့ပတ်သက်လို့တရုတ်က ဖမ်းဝရမ်း ထုတ်ထားတဲ့ ပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ရဲတွေ နေပြည်တောာ်အထိ လာရောက်ဖမ်းဆီးပြီး လေယာဉ်ပေါ်တင်ခေါ်သွားခဲ့တာ မှတ်မိကြဦးမှာပါ။ဒါကြောင့် နယ်စပ်မြို့ မူဆယ်မှာ တရုတ်ရဲတွေဝင်ဖမ်းတာဟာ သိပ်တော့လည်း မထူးဆန်းပါဘူး။အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးတို့၊တို့တာဝန်အရေးသုံးပါးတို့ တစာစာအော်နေတဲ့ စစ်ဗိုလ်ချုပ်တွေကတော့ ဘယ်လိုသဘောထားတယ် မသိပါဘူးလို့ မှတ်ချက်ပေးပါတယ်။သမ္မတ ဦးသိန်းစိန်လက်ထက်က ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းကလည်း ကျနော်တို့က တရုတ်ကိုကြောက်ရတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

အလားတူပါပဲ တိုင်းရင်းသားပြည်သူတွေကို နွေဦးတော်လှန်ရေးကြီး အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးတဲ့၊စစ်ကောင်စီရဲ့ အရှုံးကို မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဖိအားပေးရပ်တန့်စေခဲ့တာဟာလည်း တရုတ်ပဲဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ထို့အတူ ထိုင်းအစိုးရရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုဟာလည်းတရုတ်ရဲ့သဘောထားတွေ ပါဝင်နေပါတယ်။မြန်မာ့အရေးမှာ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားခံလူ (Middle Man) အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့အကူအညီ ပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin)က ပြင်သစ် FRANCE 24 ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားတာကို VOA က မတ်လ ၃၀ ရက်နေ့သတင်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

NDTV ကဖော်ပြတဲ့ တရုတ်ကိုတန်ပြန်နိုင်ရေးအတွက် အိန္ဒိယဟာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ဆောင်းပါးမှာ တရုတ်ဟာ မြန်မာကို သူ့ရဲ့ နောက်ဖေးခြံလိုသဘောထားတာဖြစ်တယ်။စီးပွါးရေးစင်္ကြံကိစ္စ၊ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဘင်္ဂလားပင်လယ်အော်ကနေ ယူနန်အထိဖောက်ပြီး ရေနံတွေ သယ်ယူတယ်။မြန်မာရဲ့ သစ်ပုံတောင်ရေတပ်စခန်းမှာ တရုတ်ရေငုပ်သင်္ဘောတွေ တွေ့ရတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွါးတွေကာကွယ်ဖို့ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင်ပါဝင်လာနေတာ တွေ့ရတယ်။ကုလသမဂ္ဂမှာလည်း စစ်ကောင်စီကို အကာအကွယ်ပေးထားတယ်လို့ ရေးသားထားပါတယ်။

ဒီလိုအနေအထားတွေ ရှိနေပေမဲ့ တရုတ်ဟာ စစ်ကောင်စီကို တဖက်သတ် မျက်စိမှိတ်ပြီး ထောက်ခံနေတာမျိုးတော့လည်း မဟုတ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။ICG လို့ခေါ်တဲ့ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ က "အာဏာသိမ်းချိန်မှစ၍ တရုတ်-မြန်မာဆက်ဆံရေး" ဆိုတဲ့ အစီရင်ခံစာတစ်ခုကို မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။အဲဒီအစီရင်ခံစာမှာ တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရလက်ထက်မှာ အနှစ်နှစ်ဆယ်အတွင်းမြန်မာနိုင်ငံနဲ့ အမြင့်ဆုံး ဆက်ဆံရေးမျိုးအထိ တိုးမြှင့်ခဲ့တယ်။တရုတ်အစိုးရဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်မပြုသလို တရုတ်နိုင်ငံကို ဖိတ်ကြားတာမျိုး မရှိခဲ့ဘူး။ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာမှာ အရပ်သားအစိုးရရဲ့ ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်ထားတဲ့အပေါ် တရုတ်ဘက်က မကန့်ကွက်ဘဲ ခွင့်ပြုထားတာ၊ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို တရုတ်က ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့တာတွေကိုကြည့်ရင် တရုတ်အစိုးရက မြန်မာစစ်ကောင်စီအပေါ် စိတ်ပျက်နေတယ်ဆိုတာ အထင်အရှား မြင်တွေ့နိုင်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် မြန်မာ့အရေးကိုဖြေရှင်းရာမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အင်အားကြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းလက်တွဲနိုင်တဲ့ ကဏ္ဍတွေ ရှာဖွေဖော်ထုတ်သင့်တဲ့အပြင် တကမ္ဘာလုံးက အာရုံစိုက်လာရေး ကြိုးပမ်းသင့်တယ်လို့ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့(ICG)အစီအရင်ခံစာကအကြံပြုထားတာတွေ့ရပါတယ်။တရုတ်အစိုးရနဲ့ အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးမှာ ချဉ်းကပ်ပုံချင်း တထပ်တည်းမကျသည့်တိုင် တူညီတဲ့ကောက်ချက်တွေ ရှိတာမို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နိုင်ငံတကာစင်မြင့်မှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့လည်း ICG က အကြံပြုထားတာ တွေ့ရပါတယ်။

တရုတ်ဟာ စီးပွါးရေးအရ၊နိုင်ငံရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်သလို မြန်မာ့နိုင်ငံနဲ့ မိုင်ပေါင်းများစွာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာအတွက် တနည်းအားဖြင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုအတွက် ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့နိုင်ငံဖြစ်တယ်ဆိုတာ အထူးပြောဖို့ လိုမယ် မထင်ပါဘူး။ ဒါကြောင့် တရုတ်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တဲ့အခါ ကိုယ့်တန်ဖိုး၊ကိုယ်နှုန်းစံ၊ကိုယ်ရည်မျှော်ချက်တွေအပေါ် အခြေခံတဲ့ မူ နဲ့ ဆက်ဆံရေးဟာ အသက်တမျှအရေးကြီးလှပါတယ်။ အဲဒီလို မူ နဲ့ ဆက်ဆံနိုင်မှသာ တရုတ်ရဲ့ ဗိုလ်ကျ စိုးမှုကို ရှောင်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အနေနဲ့မြန်မာ့ပြည်တွင်းရေး ပဋိပက္ခမှာ အနိုင်အရှုံး အဆုံးအဖြတ် မပေးနိုင်ပေမယ်လို့ မြန်မာနိုင်ငံရေး အင်အားစုတွေအပေါ် ဩဇာလွှမ်းမိုးနိုင်တာကြောင့် မြန်မာ့အရေးမှာ သံတမန်ရေးအရ ဆက်လက်အရေးပါနေမှာ ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တချို့ ဆင်နွှဲတဲ့စစ်ဆင်ရေးကို တရုတ်က တိတ်တဆိတ် ထောက်ခံခဲ့တယ်။တရုတ်ဟာ နိုင်ငံကို မထိန်းနိုင်တော့တဲ့ စစ်ကောင်စီကို စိတ်ပျက်နေသလို တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့လည်း ဆက်ဆံရေးတွေ ရှိနေတယ်။အခုလို တရုတ်အနေနဲ့ စစ်ကောင်စီအပေါ် တိကျပြတ်သားတဲ့ မူဝါဒ မရှိသေးတာကိုက အာဏာသိမ်းမှုအလွန် မြန်မာ့ပြည်တွင်းစစ်ကို ပူးပေါင်းအဖြေရှာရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းတရပ်ဖြစ်နေတယ်လို့ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) အစီရင်ခံစာက ဆိုပါတယ်။

ပြည်သွေးနိုင်