ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ ဘာဆက်ဖြစ်ကြသလဲ

နယ်ခြားစီးဖြတ်ပြီး ခိုဝင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားစဉ်(ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေမှာ စစ်ရေးအရေးနိမ့်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့နယ်ခြားစောင့်ရဲလုံခြုံရေးတွေ ၅၀၀ကျော်သွားပြီဖြစ်ပါတယ်။ ပထမအသုတ် ၃၃၀ ကို ရေကြောင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ဆောင်ပေးထားပြီး ထပ်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ရေလမ်းကနေတဆင့် ပြန်ပို့ဖို့ နှစ်နိုင်ငံစီစဉ်နေပါတယ်။ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်မျဉ်းဖြတ်ကျော် တိမ်းရှောင်ပြေး လာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေရဲ့ နောက်ဆုံးလုံခြုံရေးအခြေအနေတွေကို စုစည်းပြီး မဆုမွန်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်၂၀၂၃ခုနှစ် နိုဝင်ဘာလက တကျော့ပြန်စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေက ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းကစ အခုချိန်အထိ အတော်လေးကိုပြင်းထန်နေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အချက်အခြာကျတဲ့ မြို့တချို့နဲ့ စစ်သင်တန်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေ AA ဘက်က ဆက်တိုက်ဆိုသလို သိမ်းပိုက်နေချိန်မှာ စစ်ကောင်စီဘက်ကလည်း မြေပြင် ရေပြင်ကနေသာမက ဝေဟင် ကပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် ခုခံတိုက်ခိုက်နေလို့ တိုက်ပွဲတွေထဲ အသက်ဘေးလွတ်အောင် တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံပြည်သူက တသိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ပါတယ်။

ဒီလိုရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေကြားမှာတော့ စစ်ရေးနိမ့်လာချိန် စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးလာကြတာ အခုဆိုရင်တော့ (၅၀၀) ကျော်သွားပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၄)ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အသုတ်လိုက် စတင်ထွက်ပြေးလာကြတဲ့အထဲ စစ်ကောင်စီတပ်သားတွေ၊ နယ်ခြားစောင့်တပ်ရဲလုံခြုံရေးတွေနဲ့သူတို့မိသားစုဝင်တွေအပါအဝင် (၃၃၀) ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ရေကြောင်းကနေတဆင့်ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာ ရခိုင်ဘက်ခြမ်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေဆဲဖြစ်ပြီး မတ်လ ၁၁ရက်နေ့မှာတော့ စစ်ကောင်စီတပ်သား (၁၇၉)ယောက်ထွက်ပြေးလာပြန်တဲ့အတွက် ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က လက်နက်ဖြုတ်သိမ်းပြီး သူတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာမှာ ခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ တခါ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက မြန်မာစစ်ကောင်စီ တပ်သား (၃)ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘန်ဒါဘန် လက်ထောက်ကော်မရှင်နာမင်းကြီး Shah Mujahid Uddin) က အတည်ပြုထားတာကို ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြပါတယ်။ နောက်ထပ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၃) ဦးကိုလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ထိန်းသိမ်းထားပါတယ်။

ဧပြီလ ၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဲ့ဒီ့လိုဘင်္ဂလားဒေ့ရှ်ကို ထပ်ပြီး ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ စစ်သားနဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၈၀ ကို မြန်မာဘက်ခြမ်း ရေလမ်းကနေတဆင့် ပြန်ပို့ရေး နှစ်နိုင်ငံ သဘောတူထားသလို နိုင်ငံရေး စစ်ရေးပဋိပက္ခတွေနဲ့ နယ်မြေမငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံထဲ အကြောင်းအမျိုးမျိုးနဲ့ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ခေါ်ယူနိုင်ရေး ဆွေးနွေးညှိနှှိုင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောကြားခဲ့ပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပင်လယ်ရေကြောင်းလမ်းကနေ ရာသီဥတုကောင်းမွန်လာတာနဲ့ ရှေ့သီတင်းပတ်ထဲ ပြန်လည်ပို့ဆောင်ဖို့စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်တပ်ရဲတွေဟာ ဘူးသီးတောင် မောင်တောဘက်ကနေတဆင့် တချို့က လက်နက်တွေကိုပါ သယ်ဆောင်ပြီး ဘင်္ဂလား-မြန်မာနယ်စပ်မျဉ်းကိုဖြတ်ကျော် ပြေးဝင်လာကြတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်တပ်ရဲလုံခြုံရေးတွေရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထိန်းသိမ်းထားရှိတဲ့အခြေအနေ သိထားသလောက် ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

ဒီလိုမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို အလျင်စလိုပြန်မပို့ပဲ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC နဲ့ ချိတ်ဆက်ကာ စုံစမ်းစစ်ဆေးဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၈ ရက်နေ့က တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက် အစစ်ဆေးခံဖို့ တကယ်လို့ ပူးပေါင်းစစ်ဆေးခံမယ့် မြန်မာစစ်ကောင်စီတပ်သားတွေရဲ့ လုံခြုံရေး အကာအကွယ်ပေးဖို့ -ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းသင့်တယ်လို့လည်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က အကြံပြုထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာတော့ အခုအချိန်အထိ AA ရက္ခိုင်တပ်တော်နဲ့ မြန်မာစစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို- စစ်ကောင်စီဘက်က စစ်သားတွေ ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်ပြေးနေကြချိန် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်စခန်းတွေထဲက မူဆလင်လူငယ်တွေကိုပါ စစ်သင်တန်းပေးတာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ခိုက်ဖို့ ရိုဟင်ဂျာမူဆလင်တွေကိုပါ စစ်သားအဖြစ် အသုံးပြုနေတာရှိနေတဲ့အချိန် လုံခြုံရေးစိုးရိမ်နေရပြီး ပြင်းထန်နေတဲ့ တိုက်ပွဲတွေထဲ တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံတွေမှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကလည်း လက်မခံလို့ ထွက်ပေါက်ပိတ်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။