ရိုဟင်ဂျာအရေးပြေလည်ဖို့ ထိုင်းနိုင်ငံ ကူညီမည်

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (ဧပြီ ၂၆၊ ၂၀၂၄)

ရိုဟင်ဂျာ ဒုက္ခသည်အရေး ရေရှည် တည်တန့်တဲ့ အဖြေရှာ နိုင်အောင် ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကို လက်ခံကြိုဆိုတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။

၂၀၁၇ ခုနှစ်ကတည်းက နေရပ်စွန့်ခွာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပြီး လူသားချင်းစာနာမှု အကူအညီပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ကျေးဇူးတင် နားလည်မိတဲ့အကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထောက်ခံ ပံ့ပိုးခဲ့တဲ့အကြောင်းနဲ့ ဒီပြဿနာ ရေရှည် အဖြေရှာနိုင်အောင် ကူညီသွားမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောဆိုသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းက ၆ ရက်ကြာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်း၊ ကာကွယ်ရေး စတဲ့ အကြောင်းအရာ မျိုးစုံကို ဆွေးနွေးခဲ့ကြသလို၊ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး စေ့စပ်ညှိနှိုင်းမှုတွေ စတင်နိုင်ခဲ့တဲ့အကြောင်း ခေါင်းဆောင်နှစ်ဦးက ပြောပါတယ်။ ၁၁ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တဦး ထိုင်းနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ပင်လယ်ပြင်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ တောင်ဘက် ကမ်းခြေတွေကို ရောက်လာလေ့ ရှိတာကြောင့် ဒုက္ခသည်ပြဿနာဟာ နှစ်နိုင်ငံစလုံး ရင်ဆိုင် ဖြေရှင်းနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်မှာရော၊ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသတွေမှာပါ မြန်မာနိုင်ငံဘက်က လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ အတွက်လည်း ရိုဟင်ဂျာအရေးအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ နယ်စပ် တည်ငြိမ်ရေး ကိစ္စတွေကိုလည်း နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။ ဝန်ကြီးချုပ် Sheikh Hasina ဟာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိတ်ဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် ESCAP အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာအရေးပြေလည်ဖို့ ထိုင်းနိုင်ငံ ကူညီမည်