မီးပျက် ဈေးတက်တဲ့ကြား လုပ်သားပါရှားလာ

စစ်ကောင်စီက စစ်သားစုဆောင်းနေမှုမှတ်တမ်းပုံ (ဧပြီ ၂၀၂၄)

မြန်မာ့စီးပွါးရေးကို နူရာ ဝဲစွဲစေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေ

ဧပြီလကုန်ပိုင်းမှာ လျှပ်စစ်မီးပျက်ချိန်တွေ ပိုများလာကာ မီးလာချိန် ပိုနည်းလာတဲ့အကြောင်းတွေကို ဆိုရှယ်မီဒီယာမှာ အတော်လေးတွေ့ရပါတယ်။နွေရာသီကလည်းဖြစ်ပြန်၊အယ်နီညို အကျိုးသက်ရောက်မှုကြောင့် အရင်နှစ်တွေထက် ပိုပူ။ချောက်၊မကွေးနဲ့ ရေနံချောင်းမြို့တွေဟာ ကမ္ဘာ့ အပူဆုံးမြို့တွေထဲမှာ ပါဝင်နေတယ်ဆိုတဲ့ ရေးသားချက်တွေကိုလည်း ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတယ်။ တချိန်တည်းမှာ လောင်စာဆီစျေးနှုံးတွေကလည်း မြင့်တက်နေပါတယ်။ဓာတ်ဆီ ၉၂ တစ်လီတာ၂၈၄၅ ကျပ်၊ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၆၀ ကျပ်၊ဒီဇယ် တစ်လီတာ ၂၄၁၀ ကျပ်၊ပရီမီယံ ဒီဇယ် တစ်လီတာ ၂၄၆၀ ကျပ်လို့ ဧပြီ ၃၀ ရက် ဧရာဝတီသတင်းဌာနရဲ့ ကုန်စျေးနှုံးသတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။အလားတူပါပဲ ဆေးတွေ စျေးတက်တာ၊ရှာရခက်တာ၊လိုချင်တဲ့ဆေး ဝယ်မရတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။

စစ်ကောင်စီရဲ့ သွင်းကုန်ကန့်သတ်ထိန်းချုပ်မှုတွေ၊အပြောင်းအလဲများတဲ့ မတည်ငြိမ်တဲ့ သွင်းကုန်မူဝါဒတွေ၊တိုက်ပွဲတွေကြောင့် တရုတ်၊ထိုင်းနဲ့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သလောက်နီးပါး ဖြစ်သွားရတာတွေဟာ ကုန်စည်စီးဆင်းမှုကိုထိခိုက်စေခဲ့ပြီး ကုန်သွယ်ရေးကိုလည်း ကျဆင်းစေခဲ့တာ တွေ့ရပါတယ်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပို့ကုန်၊သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၈ ဘီလျံကျော်ရှိတယ်။ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ပြည်ပကုန်သွယ်မှုတန်ဖိုး ၁၁ ရာခိုင်နှုန်းကျဆင်းသွားတာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံစီးပွါးရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး Myanmar Now က ဖော်ပြထားပါတယ်။လတ်တလော တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းနေတဲ့ ထိုင်း-မြန်မာနယ်စပ် မြိဝတီ ကုန်သွယ်ရေးလမ်းကြောင်းကုန်သွယ်မှု ပမာဏဟာ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီလျံရှိခဲ့တယ်လို့ Nikkei Asia က ဖော်ပြတာ တွေ့ရပါတယ်။

ဒီအချက်အလက်တွေကိုကြည့်ရင် မြန်မာ့စီးပွါးရေးအနေအထားကို မှန်းဆကြည့်လို့ ရနိုင်မယ်ထင်ပါတယ်။ Border Trade လို့ခေါ်တဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတော့ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ပဲ၊ပြောင်း စတာတွေ တင်ပို့ဖို့ အခက်အခဲဖြစ်သွားတယ်။ဒီလိုအချိန်မှာ အခက်အခဲတွေ့နေတဲ့ Border Trade အစား Normal Trade လို့ခေါ်တဲ့ ပင်လယ်ရေကြောင်းလမ်းက ကုန်သွယ်တဲ့ လမ်းကြောင်းကို ပိုအသုံးပြုပြီး ကုန်သွယ်နိုင်တဲ့ အခွင့်အလမ်းတော့ရှိပါတယ်။ဒါပေမဲ့ Normal Trade လုပ်ရတာက ပါမစ်ကိစ္စ၊စာရွက်စာတမ်းကိစ္စတွေရှိတော့ အဆင့်တွေများသလို စရိတ်လည်း ပိုကုန်၊အချိန်လည်း ပိုပေးရတယ်။ ဒါ့အပြင် ပို့ကုန်၊သွင်းကုန် ကန့်သတ်တဲ့မူဝါဒတွေကလည်း မကြာ ခဏပြောင်းတော့ လုပ်ရတာပိုခက်တယ်လို့ လုပ်ငန်းရှင်တစ်ဦး သူ့အတွေ့အကြုံကို ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၄၊ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေရဲ့ စီးပွါးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုဟာလည်း တဖြည်းဖြည်း သိသာ ထင်ရှားလို့ လာနေပါပြီ။ မြန်မာ့လယ်ယာလုပ်ငန်းမှာ လယ်ယာလုပ်သားရှားပါးလာတဲ့အကြောင်းကို ဧပြီ ၂၄ ရက်နေ့က VOA ရဲ့ မြေကြီးဩဇာအစီအစဉ်ကနေ တင်ဆက်ခဲ့ပါတယ်။အဲဒီလို တင်ဆက်ရာမှာ နဂိုကတည်းက မြန်မာ့

လယ်ယာကဏ္ဍမှာ လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နေရာက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုကြောင့် လယ်ယာလုပ်သားရှားပါမှုအခြေအနေဟာ ပိုဆိုးလာတယ်။ကျေးလက်တွေမှာ လုပ်နိုင်၊ကိုင်နိုင် အရွယ်ကောင်းတွေဟာ စစ်မှုထမ်းဥပဒေကို ရှောင်နိုင်ဖို့ ပြည်ပနိုင်ငံတွေကို ရရာနည်းနဲ့ ထွက်ခွါကြတယ်။ထိုင်းနိုင်ငံကို ထွက်ခွါသူဟာ အများစုဖြစ်တယ်။ဒါကြောင့် ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု့အတွက် စျေးပေါပေါနဲ့ မြန်မာ လုပ်သားထုအင်အားကို အသုံးချနိုင်တာကြောင့် ထိုင်းနိုင်ငံ စီးပွါးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေတယ်။မြန်မာ့လယ်ယာကဏ္ဍကတော့ မိရိုးဖလာအသုံးပြုတဲ့ ကျွဲ၊နွားတွေ ရှားပါးနေချိန်မှာ လောင်စာဆီစျေးနှုးန်းတွေကလည်း ခေါင်ခိုက်နေတာမို့ စက်တွေကိုလည်း မသုံးနိုင်၊လက်မှုလယ်ယာလည်း မဟုတ်၊စက်မှုလယ်ယာလည်း မကျနဲ့ မြန်မာ့ လယ်ယာကဏ္ဍဟာ ကျဆင်းရာကနေ တိမ်ကောသွားမှာ စိုးရိမ်ရတယ်လို့ VOA ရဲ့ မြေကြီးဩဇာအစီအစဉ်မှာ တင်ဆက်သွားတာ တွေ့ရပါတယ်။

ဧပြီ ၃၀ ရက်နေ့၊ဧရာဝတီ သတင်းဌာနရဲ့ လုပ်သားရှားပါးမှုပြသနာ စတင်ရင်ဆိုင်လာရပြီဆိုတဲ့ရုပ်သံသတင်းမှာလည်း ကုမ္မဏီတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုန်တိုက်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ခရီးသွားလုပ်ငန်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်သမားရာခိုင်နှုန်းဟာ ထက်ဝက် လျော့ကျသွားတယ်လို့ အလုပ်ရှင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာ့စီးပွါးရေးအခြေအနေနဲ့ စီးပွါးရေးအပေါ် စစ်မှုထမ်းဥပဒေရဲ့ ရိုက်ခတ်မှုကို ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပြပါတယ်။

"ပြောရရင် စကစ က လူထုဆန္ဒကိုကျောခိုင်း၊ဦးတည်ချက်မဲ့၊ထင်ရာစိုင်းမူဝါဒတွေ ကျင့်သုံးနေတော့၊ တိုင်းပြည်က ကသောင်းကနင်း၊မတည်မငြိမ်ဖြစ်နေတာ မြင်တဲ့အတိုင်းပဲလေ။ဒီလို တိုင်းပြည်က ကသောင်းကနင်း၊မတည်မငြိမ် ဖြစ်နေတဲ့ အနေအထားမျိုးမှာ စီးပွါးရေးမူဝါဒကလည်း ခိုင်ခိုင်မာမာ မရှိတော့၊ဖြစ်လာတဲ့ ပြဿနာတွေကို ဆေးမြီးတိုသုံးပြီး ခုတမျိုး၊တော်ကြာတမျိုးလုပ်တော့ တိုင်းပြည်စီးပွါးရေးအခြေအနေကို ကြိုပြီးတော့ ခန့်မှန်းနိုင်ဖို့ဆိုတာ တစ်လ၊နှစ်လတောင် မလွယ်တော့ဘူး။ ဒီလိုကြိုပြီး မခန့်မှန်းနိုင်တဲ့ အခြေအနေမျိုးမှာ ဘယ်စီးပွါးရေးသမားကမှ သူတို့လုပ်ငန်းကို တိုးချဲ့ဖို့ စဉ်းစားမှာ မဟုတ်ဘူး။ရှိတဲ့လုပ်ငန်းကိုတောင် လျှော့ဖို့ပဲစဉ်းစားမှာ။ဒါက တိုင်းပြည်မှာ လက်တွေ့ဖြစ်နေတာ။ဒီအခြေအနေကိုကြည့်လိုက်ရင် တိုင်းပြည်စီးပွါးရေး ပုံမှန်လည်ပတ်ဖို့တောင် အတော်ကြီးကို ခက်သွားပြီ။ဒီကြားထဲ စစ်မှုထမ်းဥပဒေကြောင့် လူငယ်ပညာတတ် အင်အားစုပါ နေ့စဉ်ဆိုသလို ဆုံးရှုံးနေတော့ တိုင်းပြည်အခြေအနေဟာ နူရာဝဲစွဲလို့ပဲ ပြောရတော့မှာပဲ”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကတော့ ဧပြီ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးမှာ

“တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည် အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်သည်” လို့ ပြောကြားခဲ့တာ တွေ့ရသလို ၂၀၂၄၊မတ် ၁၈ ရက်နေ့က ရုရှားသတင်းဌာန ITAR-TASS နဲ့ အင်တာဗျူးမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာအတွင်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် စီးပွါးရေးနာလံထူ ဦးမော့လာကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေဟာ အခြေအနေမှန်တွေလား၊မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီပါရဲ့လား။ဒါမှမဟုတ် ယုံတမ်းစကားတွေလားဆိုတာကတော့ မြေပြင်က ပကတိအခြေအနေတွေ၊စီးပွါးရေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွေ၊မီဒီယာဖော်ပြချက်တွေ၊ပြည်သူလူထု နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရတဲ့ လူမှုဘဝတွေနဲ့ ချိန်ထိုးကြည့်ရင် ရှင်းလင်းစွာသိနိုင်ပါတယ်။

ပြည်သွေးနိုင်