နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေဆုံးရှုံးနေ

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)

မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ စစ်ကောင်စီလက်အောက်က နိုင်ငံရေး အကျဉ်းသားများ

-----------------------

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရောက်နေပါသလဲ။နေပြည်တော်အကျဉ်းထောင်ထဲမှာလား။ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်လား။နေအိမ်အကျယ်ချုပ်ဆိုရင်လည်း ဘယ်အိမ်မှာ၊ဘယ်နေရာမှာ ထားပါသလဲ။ရာသီဥတု ပူပြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ရွှေ့ပြောင်းထားတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပေမဲ့ ဘယ်မှာထားတယ်ဆိုတာ တိတိကျကျ မပြောပါဘူး။ဒီလို အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်နေရာမှာထားတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တဲ့ အနေအထားပါ။ နိုင်ငံရေးအရ အကျဉ်းချထားခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစု ဒါမှမဟုတ် မိသားစုကိုယ်စား မည်သူတစ်ဦး၊တစ်ယောက်မှလည်း ထောင်ဝင်စာ တွေ့ခွင့်မရပါဘူး။ထောင်ဝင်စာကို ရဲစခန်း၊နေပြည်တော်ထောင်ကတစ်ဆင့်သာ ပါဆယ်အနေနဲ့ ပို့ပေးနေရတယ်လို့ပဲ သိရပါတယ်။

တလောကပဲ၊ပိုပြီးတိတိကျကျပြောရရင် ၂၀၂၄၊မေလ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်သူ လက်ရှိမှာ ကမ္ဘောဒီးယားလွှတ်တော် ဥက္ကဌ ဟွန်ဆန်နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံရာမှာ ဟွန်ဆန်ကဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။စစ်ကောင်စီ ခေါင်းဆောင်က စဉ်းစားမယ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေအရကို ရရှိခံစားရမယ့် အခွင့်အရေးတွေရှိပါတယ်။အကျဉ်းထောင်လက်စွဲဥပဒေ အခန်း(၉)မှာ အကျဉ်းသားများနှင့်တွေ့ဆုံခြင်းနှင့် ဆက်သွယ်ခြင်းများ ဆိုတဲ့အပိုင်းမှာ ခုလိုဖော်ပြထားပါတယ်။

အပိုင်း(၁) အထွေထွေ

၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ (၄၀) တရားမမှုနှင့်အချုပ်အကျဉ်းသားများအတွက် ပြင်ပပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ရန် သင့်လျော် သည့် အချိန်များနှင့် သင့်လျော်သည့် စည်းကမ်းချက်များ ချမှတ်ပေးရမည်။အချုပ်အကျဉ်းသားများအား ၎င်းတို့၏ ရှေ့နေများနှင့် အခြားသူများ၏ ရှေ့မှောက်တွင် မဟုတ်ဘဲ သီးခြားတွေ့ဆုံခွင့်ပြုရမည်။

ပုဒ်မ ၇၈၀။ (၁)မှာ ပြစ်ဒဏ်ကျခံရသည့်အကျဉ်းသားများအနေဖြင့်၎င်းတို့၏မိတ်ဆွေများ၊ဆွေမျိုးသားချင်းများ တွေ့ဆုံခြင်း (သို့မဟုတ်) ဆက်သွယ်ခြင်းပြုနိုင်ရန် တစ်လလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ခွင့်ပြု ပေးရမည်။

ပုဒ်မ ၇၈၁။ မှာ ထောင်ကျအကျဉ်းသားများသည်စာရေးသားခြင်းနှင့်လက်ခံခြင်းကို တစ်လ တစ်ကြိမ်ခွင့်ပြု ရမည်လို့ အကျဉ်းထောက်လက်စွဲဥပဒေမှာ အတိအလင်းပြဌာန်းထားပါတယ်။

ဥပဒေကမည်သို့ဆိုစေစစ်ကောင်စီလက်အောက်မှာနိုင်ငံရေးအကျဉ်းသားတွေဟာသူတို့ရသင့်၊ရထိုက်တွေ အခွင့်အရေးတွေပြည့်ဝစွာမရရှိကြပါဘူး။ထောင်ဝင်စာတွေ့ခွင့်လိုအခွင့်အရေးမျိုးမပြောပါနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ဘယ်နေရာမှာထိန်းသိမ်းထားမှန်းမသိတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀,၀၄၄ (တစ်သောင်းလေးဆယ့်လေး)ဦးရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းအရသိရပါတယ်။AAPPကပြုစုထားတဲ့စာရင်းတွေအရမြန်မာနိုင်ငံတဝန်းကအကျဉ်းထောင် ၅၂ ခုနဲ့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း ၇၆ ခုမှာ ဖမ်းဆီး ထိန်းသိမ်း၊အကျဉ်းချထားသူပေါင်း ၁၀,၃၉၀ ဦးရှိပြီး ဘယ်နေရာမှာ ဖမ်းဆီးထိန်သိမ်းထားမှန်းမသိရတဲ့သူက ၁၀,၀၄၄ ဦးရှိပါတယ်။ဒါကြောင့် စစ်ကောင်စီဖမ်းဆီး ထိန်းသိမ်းထားသူပေါင်း ၂၀,၄၃၄ ဦး အထိရှိနေတာ တွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းမှာညှင်းပန်းနှိပ်စက်ခံရတာတွေ၊ဆေးကုသခွင့်မရတာ တွေ၊တရားရုံးအထုတ်မှာ သတ်ဖြတ်ခြင်းခံရတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။စစ်အာအာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာပါဝင်လို့ ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ မန္တလေးမြို့က အသက် ၃၅ နှစ်အရွယ် မယဉ်မိုးဟာ လုံလောက်တဲ့ ဆေးကုသခွင့် မရတဲ့အတွက် ကျောက်ကပ်ဝေဒနာနဲ့ ၂၀၂၄၊ဖေဖော်ဝါရီ ၄ ရက်နေ့က မန္တလေး အိုးဖိုထောင်မှာ သေဆုံးသွားခဲ့ရတယ်လို့ Myanmar Nowသတင်းဌာနကဖော်ပြခဲ့ပါတယ်။ထို့အတူ Myanmar Now ရဲ့ ၂၀၂၄၊မတ်လ ၂၈ ရက်နေ့သတင်းတစ်ပုဒ်မှာလည်း ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို ထောင်ပြင်ခေါ်ထုတ်သွားပြီး စစ်တပ်က ပစ်သတ်ခဲ့တဲ့သတင်းကို ဖော်ပြထားပါတယ်။ထောင်အာဏာပိုင်တွေက ကိုဝင်းသီဟရဲ့ မိသားစုကို ၂၀၂၄၊မတ်လ ၂၃ ရက်နေ့မှာ အကြောင်းကြားခဲ့ပေမဲ့ အလောင်းတော့ ပြန်မပေးခဲ့ဘူးလို့ Myanmar Now သတင်းမှာ ရေးသားထားပါတယ်။AAPP ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ ရဲစခန်း၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ၂၅၂ ယောက်ရှိတယ်လို့ သိရပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံထားရာက ပြီးခဲ့တဲ့ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာပေမဲ့ အဲဒီနေ့ညမှာပဲ စစ်ကောင်စီကပြန်လည်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ဘာကြောင့် အဲဒီလို ပြန်လည်ဖမ်းဆီးတယ်ဆိုတာလည်း ခုချိန်ထိ ရေရေရာရာသိခွင့် မရပါဘူး။အလားတူပါပဲ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်တိုး ချမှတ်လိုက်တဲ့သတင်းကိုလည်း VOA မြန်မာပိုင်းက ၂၀၂၄၊မေ ၁၀ ရက်နေ့က ဖော်ပြခဲ့တာတွေ့ရပါတယ်။စစ်ကောင်စီက ကိုဝေမိုးနိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့တာ စုစုပေါင်း ၄၂ နှစ်ရှိနေပါပြီ။

လက်ရှိစစ်ကောင်စီလက်အောက်အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က အခုလိုပြောပါတယ်။

"စစ်အုပ်စုရဲ့လက်အောက်မှာတော့ လူ့အခွင့်အရေးဆိုတာက ဘယ်လိုမှ စဉ်းစားလို့ ရနိုင်စရာ အကြောင်းမရှိပါဘူး။အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အုပ်စုက အငြိုးနဲ့ နှိပ်စက်နေပုံလည်း ရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ စနစ်တကျ နှိပ်စက်ခံနေရတာမျိုးတွေရှိတယ်။အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသူတွေဆိုလို့ရှိရင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ ခံနေရ၊ကြုံနေရတာလည်း ရှိပါတယ်။အခု ဒီစစ်အုပ်စု လက်ထက်မှာတော့ အကျဉ်းထောင်တွေရဲ့ အခြေအနေက အဆိုးဆုံးလို့ ပြောလို့ ရတာတွေရှိပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဒိုက်ဦးထောင်မှာဆိုရင်လည်း ထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ရွှေ့မယ်ဆိုပြီးတော့ ခေါ်တယ်။လမ်းမှာ ပစ်သတ်လိုက်တဲ့ အခြေအနေမျိုး ကြုံရတာတွေ ရှိပါတယ်။ဆိုတဲ့အခါကြတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေဟာ တကယ့်ကို တနေ့တခြားပိုပြီးတော့ ဆိုးရွားလာတာမျိုးလည်းရှိပါတယ်။ဒီအပြင် အခုဆိုရင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း ဘယ်နေရာမယ်ထား တယ်ဆိုတာက သူတို့ရဲ့ မိသားစုတွေတောင် သိပုံ မရပါဘူး။ဆိုတော့ သတင်းတွေ အမှောင်ချထားတယ်။

ဒီလိုမျိုး ပြင်ပလောကနဲ့ ၊မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ကိစ္စမျိုးဟာ အတော်လေးဆိုးတဲ့ ကိစ္စရပ်မျိုးဖြစ်ပါတယ်။အဲဒီအပြင် အကျဉ်းသားတွေ လုံလောက်တဲ့ဆေးကုသခွင့် မရဘူး။လုံလောက်တဲ့ ဆေးကုသမှု မရတဲ့အတွက် သေဆုံးသွားရတဲ့ အကျဉ်းသားတွေလည်း ရှိပါတယ်။ဒါက မြန်မာနိုင်ငံရဲ့ သမိုင်းမှာတော့ အကျဉ်းထောင်အခြေအနေက အဆိုးရွားဆုံးလို့ ပြောလို့ရတဲ့ အနေအထားပါ”

လက်ရှိစစ်ကောင်စီလက်အောက်က အကျဉ်းထောင်တွေဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးလို့ ကိုဘိုကြည်က မှတ်ချက်ချပါတယ်။ပြောရရင် လွတ်လပ်ရေးမရမီ၊သူ့ကျွန်ဘဝ၊အင်္ဂလိပ် ကိုလိုနီ လက်ထက် က အကျဉ်းထောင်တွေထက်ကို အဆများစွာ ဆိုးရွားနေတဲ့အနေအထားလို့ ဆိုရမှာပါ။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက စစ်ကောင်စီဟာ သူအမေကို လူသားဒိုင်းအဖြစ် အသုံးချမှာကို စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်မှာပါ။အကျဉ်းထောင်လက်စွဲ ဥပဒေကိုလည်း မလိုက်နာ၊လူ့အခွင့်အရေးတွေကိုလည်း လေးစားခြင်းမရှိ၊တရားလက်လွတ် ထင်ရာစိုင်းနေတဲ့စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပြန်ပေးဆွဲခံထားရတဲ့နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေဟာ အဆိုးရွားဆုံး ကြုံတွေ့နေရတာမို့ ကျန်းမာရေးအပါအဝင် အသက်အန္တရာယ်ပါ စိုးရမ်စရာ အခြေအနေဖြစ်ပါတယ်။

ပြည်သွေးနိုင်