ဟိုဘက်ကမ်းမှာ ကမ်းပါးပြိုတာဟာ ဒီဘက်ကမ်းမှာ သောင်ထွန်းတာလား

ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဒုတိယအကြီးအကဲမစ္စတာ Komura Masahiro (ယာ)၊ IEC ဥက္ကဋ္ဌ ခူဦးရယ်(ဝဲ) KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်)

ဟိုဘက်ကမ်းမှာ ကမ်းပါးပြိုတာဟာ ဒီဘက်ကမ်းမှာ သောင်ထွန်းတာလား

--------------------------------------------------------------------------------------------------------------------

"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ရှိနေပါမယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့ဝင် အားလုံးက အသိအမှတ်ပြုထားတဲ့ အစိုးရ ရှိမနေတဲ့အတွက် နိုင်ငံရေးအဆင့်မှာတော့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြုပြီး မပါဝင်တာဟာ အကောင်းဆုံးပဲ။စစ်ခေါင်းဆောင်တွေကို အစိုးရခေါင်းဆောင်တွေအဖြစ် ကျနော်တို့က အသိအမှတ် မပြုနိုင်ပါဘူး” ဒီလိုပြောခဲ့တာကတော့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အနားယူသွားပြီဖြစ်တဲ့ စင်ကာပူဝန်ကြီးချုပ် လီချန်လွန်းက သူအနားမယူခင်ပြုလုပ်တဲ့ မာရသွန်အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။ သူပြောသွားတာကရှင်းပါတယ်။မြန်မာ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုနိုင်ဘူး။အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တွေ မဟုတ်ဘူး။သူတို့ဟာ စစ်တပ်ရဲ့ ခေါင်းဆောင်တွေသာ ဖြစ်တယ်ဆိုတာကို ရှင်းလင်း ပြတ်သားစွာ ထောက်ပြ ပြောဆိုသွားခဲ့တာ တွေ့ရပါတယ်။လီချန်လွန်းရဲ့ ပြောကြားချက်ဟာ မြန်မာစစ်ကောင်စီအပေါ် ထားတဲ့ အာဆီယံခေါင်းဆောင်တစ်ဦးရဲ့ သိသိသာသာ ပြောင်းလဲလာတဲ့ သဘောထားလို့ ဆိုနိုင်ပါတယ်။

အလားတူပါပဲ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဟာလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံလာတဲ့ ပြောင်းလဲလာတဲ့ မူဝါဒအရွေ့ကိုတွေ့ရတဲ့အကြောင်း Gwen Robinson နဲ့ Francesca Regalado တို့ရေးသားတဲ့ဆောင်းပါးကို Nikkei Asia က ၂၀၂၄၊မေလ ၁၃ ရက်နေ့ မှာ ဖော်ပြခဲ့ပါတယ်။ဆောင်းပါးမှာ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဟာ အရင်က စစ်ကောင်စီနဲ့ ဆက်ဆံရေးကိုသာ ဦးစားပေးခဲ့ပြီး စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေကို ဘေးချိတ်ထားတဲ့ မူဝါဒတွေကိုသာ ကျင့်သုံးခဲ့ကြတယ်။အခုချိန်မှာတော့ ထိုင်းအစိုးရဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ KNUနဲ့ ကရင်နီပြည်နယ်ထဲက အင်အားစုတွေနဲ့ပါ ထိတွေ့ဆက်ဆံလာ တာတွေ့ရတယ်။ဂျပန်နိုင်ငံဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အပါအဝင် တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဂျပန်နိုင်ငံကို ဝင်ခွင့် ပေးခဲ့တယ်။ဒါဟာ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့ရဲ့ မူဝါဒပြောင်းလဲလာတဲ့ အချက်ပြမှုတွေဖြစ်တယ်။ထိုင်းနဲ့ ဂျပန်တို့ အခုလို မူဝါဒပြောင်းလဲလာတာဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ တွန်းအားပေး ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဖြစ်တယ်လို့လည်း ဆောင်းပါးရှင်တွေက မှတ်ချက်ပြု ရေးသားထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီဒေသ တိုက်ပွဲတွေပြင်းထန်နေချိန် ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးမှာလည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မြန်မာ့အရေးမှာ အင်အားစုအားလုံးနဲ့ ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။

ဒါဟာ ထိုင်းအစိုးရအဆက်ဆက် မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ရာကနေ သိသိသာသာ ပြောင်းလဲလာတဲ့ သဘောထားလို့ ဆိုနိုင်သလို ဒါဟာ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေအတွက် အခွင့်အလမ်းလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။အရေးကြီးတာက အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေ အခွင့်အလမ်းကောင်းတွေကို NUG နဲ့ တော်လှန်ရေးအင်အားစုတွေ အမိအရဖမ်းဆုပ်ကာ ထိထိရောက်ရောက် အသုံးချနိုင်မလားဆိုတာ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ အခွင့်အလမ်းကောင်းတွေ ဖြစ်ထွန်းလာနေသလို ပြည်တွင်းမှာလည်း စစ်ရေးအရှိန်ဟာ ပိုမိုအားကောင်းလာနေတာတွေ့ကြရမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာ KIA က စစ်ကောင်စီတပ်စခန်းတွေ တစ်ခုပြီး တစ်ခု သိမ်းပိုက်နေသလို ရခိုင်ပြည်နယ်ဘက်မှာလည်း AA က တမြို့နယ်ပြီး တမြို့နယ် သိမ်းပိုက်နေတဲ့သတင်းတွေ ကြားနေရပါတယ်။ထို့အတူ NUG နဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတယ်လို့ NUG ကလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ပြောရရင် စစ်ကောင်စီဟာ စစ်ရေးမှာ အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရသလို စီးပွါးရေးမှာလည်း ပြိုလဲလုနီးနီး အခြေဆိုက်နေတာပါ။ စစ်ကောင်စီဟာ အတွင်း၊အပြင် အကျပ်အတည်းပေါင်းစုံနဲ့ အခြေအနေမကောင်းတော့ဘူးဆိုတာကို ပြည်တွင်းရော၊နိုင်ငံတကာကပါ ကောင်းကောင်း နားလည် သဘောပေါက် လက်ခံလာကြပြီဖြစ်ပါတယ်။

ဟိုဘက်ကမ်းမှာ ကမ်းပါးပြိုနေပြီဆိုတာက အငြင်းပွါးစရာ မရှိပါဘူး။မေးခွန်းက ဒီဘက်ကမ်းမှာ အလိုလိုသောင်ထွန်းလာ မလားဆိုတာပါပဲ။ ဒီလိုအချိန်မှာပဲ နွေဦးတော်လှန်ရေးမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားနေတဲ့ ဒေါက်တာတေဇာစန်းက NUG အောက်ခြေယန္တရား ယိုယွင်းနေတယ်။ NUG လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ကျင့်ဝတ်စည်းကမ်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေ ပိုမိုဆိုးရွားလာနေတယ်။ဒီကိစ္စတွေကို ဖြေရှင်းဖို့ NUG အနေနဲ့ တုန့်ဆိုင်းမနေသင့်ဘူးဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာတာတွေ့ရပါတယ်။

ထို့အတူပါပဲ NUG သုံးနှစ်ပြည့်အနေနဲ့ တင်ဆက်တဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ တစ်ပတ်အတွင်း သတင်းမြင်ကွင်းအစီအစဉ်မှာ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်မက်သီဆန်က NUG နဲ့ပတ်သက်ပြီးဝေဖန်၊ထောက်ပြ၊အကြံပြုခဲ့တာတွေ တွေ့ရပါတယ်။ ဒေးဗစ်မက်သီဆန်က NUG ဟာ သုံးနှစ်တာကာလအတွင်းမှာအများကြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ တော်လှန်ရေးကာလနဲ့ ကိုက်ညီတဲ့ ဦးဆောင်မှု(Revolutionary Leadership)ပေးနိုင်ခဲ့သလားဆိုတာတော့ ဆန်းစစ်ရမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေ၊PDF တွေအပါအဝင် အမျိုးမျိုးသော မတူညီတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်း ညီညွတ်နိုင်ဖို့၊တော်လှန်ရေးကာလနဲ့ ကိုက်ညီတဲ့ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်တယ်။ခုချိန်မှာ တော်လှန်ရေးကာလအစိုးရပုံစံမျိုးလိုအပ်တယ်။ဒါကြောင့် NUG ဟာ ပုံမှန် အစိုးရမျိုး တွေးထင်နေတာကို ရပ်လိုက်ဖို့ လိုပါမယ်။ တော်လှန်ရေးလုပ်နေတာပါ့လားဆိုတဲ့အပေါ် မျက်မှောက်ပြုဖို့လိုအပ်ပါတယ်။အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေ လျှော့ချဖို့လိုပါတယ်။နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာ နှစ်ခုအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်သင့်တယ်။

တော်လှန်ရေးကြီး အနိုင်ရတဲ့အခါဆိုပြီး မျှော်ကြည့်ရင် အင်မတန်ကျယ်ပြန့်လှပါတယ်။ဒီနိုင်ငံကြီးဟာ ဘယ်လိုပုံစံမျိုးဖြစ်မှာလဲ။ငါတို့ဟာ ဘယ်လိုပုံစံနဲ့ အတူယှဉ်တွဲ နေထိုင်ကြမှာလဲ။အဲဒီအတွက် နိုင်ငံရေးတည်ဆောက်မှုတွေ ရရှိထားပြီလား။NUG အနေနဲ့ ခိုင်မာတဲ့၊ရဲဝံ့ပြတ်သားတဲ့ လုပ်ဆောင်ကြိုးပမ်းမှုတွေ၊ဆန်းသစ်တဲ့ နည်းနာ ဟန်ပန်တွေလိုအပ်ပါတယ်လို့ ဒေးဗစ်မက်သီဆန်က သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒေးဗစ်မက်သီဆန် ထောက်ပြသလိုပါပဲ တိုင်းရင်သားလက်နက်ကိုင်အင်အားစု(ERO)တွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ NUG ကြား အခြေခံ နိုင်ငံရေးတည်ဆောက်မှုတွေရရှိထားပြီလားဆိုတာက တော်လှန်ရေးကာလ အတွင်းရော၊တော်လှန်ရေးအလွန် ကာလအတွက်ပါ အလွန်အရေးပါတဲ့အချက်ဖြစ်ပါတယ်။

၂၀၂၃၊ဇန်နဝါရီ ၃၁ ရက်နေ့က NUG နဲ့ K3C လို့ခေါ်တဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ကချင်လွပ်လပ်ရေးအဖွဲ့ (KIO)၊ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက်ဟာ အခြေခံနိုင်ငံရေးတည်ဆောက်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီ ဘုံသဘောတူညီချက်ဟာ ပိုမိုပြည့်စုံ အားကောင်းအောင် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်နေသေးတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်ဟာ NUG နဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ပြည်တွင်းမှာ စစ်ရေးအရှိန်ကောင်းနေသလို နိုင်ငံတကာဆက်ဆံရေးမှာလည်း သိသာတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ရရှိနေတာတွေ့ကြရမှာဖြစ်ပါတယ်။

အာဆီယံအပါအဝင် မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက်ထောက်ခံအားပေးခဲ့တဲ့အမေရိကန်ပြည်ထောင်စုတို့ဟာ စစ်ကောင်စီကျရှုံးတော့မယ်ဆိုတာကို သံသယ မရှိကြပါဘူး။စစ်ကောင်စီပြိုလဲပြီး နောက်တစ်နေ့မှာ ဘာလုပ်ကြမှာလဲဆိုတာကို စိတ်ဝင်တစားသိချင်ကြတာပါလို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။အဲဒါဟာ NUG၊ERO နဲ့ တော်လှန်ရေးအင်အားစုတွေကြားက ဘယ်လိုရှေ့ဆက် သွားကြမလဲဆိုတဲ့ အခြေခံနိုင်ငံရေးသဘောတူညီချက်ပဲ ဖြစ်ပါတယ်။

ပြည်သွေးနိုင်