ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက စိုးရိမ်စရာအခြေအနေ

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေဖြစ်ပေါ်နေသလို ကမ့်တွေထဲမှာကို AA အာရက္ခတပ်တော်ကို စစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ စစ်သား အတင်းအဓမ္မစုဆောင်းမှုတွေကြား အခုလို အသက်အန္တရာယ်ပါ သေဆုံးထိခိုက်နေလို့ ရိုဟင်ဂျာတွေကြား နေ့နေ့ညည လုံခြုံရေး စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။ အခုလိုဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ဂိုဏ်းအဖွဲ့တွေက လူသစ်စုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကလည်း လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာရှိနေတယ် နိုင်ငံတကာအကြမ်းဖက်သမားတွေရဲ့ အချက်အချာ ဖြစ်လာနိုင်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက စိုးရိမ်ထိတ်လန့်စရာကောင်းလာတဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ AFP သတင်းဆောင်းပါးကို အခြေခံပြီး ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan) က မေလ ၃၁ရက်နေ့ သောကြာနေ့က ကော့ဇ်ဘဇား Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်ဂိုဏ်းအဖွဲ့တွေက လူသစ်စုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာရှိနေတယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပါ။

“ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်ရင် စခန်းတွေမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်သလို နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ အချက်အချာ ဖြစ်လာနိုင်တယ်” လို့လည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သတိပေးပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ ငြင်းဆန်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက ကျောင်းဆရာတယောက်နဲ့ ကျောင်းသားတယောက်ကို သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အသတ်ခံရသူတွေရဲ့ မိဘတွေက AFP သတင်းဌာနကို မေလ ၃၀ရက် ကြာသပတေးနေ့ကပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာ ၇သိန်းခွဲ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့ကြချိန်တုန်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာလူငယ်တွေနဲ့ ရိုဟင်ဂျာအမျိုးသားတွေလည်း ခိုလှုံနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း ရိုဟင်ဂျာစစ်သွေးကြွတွေဘက်က AA ကို တိုက်ဖို့ အဲ့ဒီ့ မူဆလင်လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတာတွေရှိနေပါတယ်။ အခုလည်း AA ကိုတိုက်ခိုက်ဖို့အတွက် ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်ရိုဟင်ဂျာအုပ်စုတွေက သားဖြစ်သူကို ပြန်ပေးဆွဲခေါ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ အသတ်ခံရသူရိုဟင်ဂျာလူငယ်ရဲ့ ဖခင်ဖြစ်သူက AFP ကိုပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာကျောင်းသား Nur Absar အသက် ၂၁အရွယ် ရိုဟင်ဂျာကျောင်းဆရာ Nur Faisalဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ကုတုပလောင်ဒုက္ခသည်စခန်းတွေထဲမှာ အမည်မသိ သေနတ်ကိုင်အကြမ်းဖက်သမားတွေ ရဲ့ ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကလည်း အတည်ပြုပြောကြားပါတယ်။

“တယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားပြီး နောက်တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ် ဒီပစ်ခတ်သတ်ဖြတ်မှုက အတင်းအကြပ်လူသစ်စုဆောင်းခြင်းကိစ္စနဲ့ ဆက်စပ်တာ ဟုတ်၊ မဟုတ် ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။”

” Kutupalong က ဘင်္ဂလားဒေ့ရှ်ရဲလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Arefin Jewel က AFP ကို ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာကျောင်းဆရာ Faisalရဲ့ ဖခင်ကတော့ ဒီသတ်ဖြတ်မှုဟာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က သေနတ်သမားတွေလက်ချက်လို့ တထစ်ချစွပ်စွဲပါတယ်။

"RSO က ကျနော့်သားရဲ့ကျောင်းကိုသွားပြီး သူ့ကို သွားခေါ်ခဲ့တာ သားက မလိုက်နိုင်ဘူးလို့ ငြင်းခဲ့တယ်" လို့ အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူ Zakir Ahmed က AFP ကို ပြောပါတယ်။ အသတ်ခံရတဲ့ ရိုဟင်ဂျာကျောင်းဆရာ Faisal ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ အကြမ်းဖက်သောင်းကျန်းနေတဲ့ သေနတ်သမားတွေ လူရမ်းကားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်ဖို့ ရပ်ရွာအခြေပြုကာကွယ်စောင့်ရှောက်ရေးသမားတဦးအနေနဲ့လည်း စောင့်ရှောက်ပေးနေတဲ့ သူဖြစ်တယ်လို့ ဖခင်ဖြစ်သူ အာမက်ကပြောပြပါတယ်။

“ရိုဟင်ဂျာလူငယ်တွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ အတင်းအကြပ် လူစုဆောင်းမှုကနေ ကယ်တင်ဖို့အတွက် ညဘက်တွေမှာပါ သူစောင့်ကြပ်ပေးတယ်လို့ အာမက်ကပြောပြတာပါ။

နောက်ထပ်အသတ်ခံရသူတဦးဖြစ်တဲ့ ကျောင်းသား Nur Absarရဲ့ ဖခင် အသက် ၄၀ အရွယ် Aman Ullah ကလည်း RSO ရဲ့ လက်ချက်ပဲလို့ ထပ်လောင်းပြောဆိုပါတယ်။

“RSO ရဲ့ သေနတ်သမားတွေက ငါ့သားကို သတ်လိုက်တာ။ လူစုဆောင်းဖို့ သူတို့က သားကိုလာခေါ်တာ တကယ့်ကိုကြောက်ဖို့ကောင်းတဲ့သူတွေ”

ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ကလည်း အခုလို ဒုက္ခသည်စခန်းတွင်းက သေနတ်ပစ်ခတ်တိုက်ခိုက်အကြမ်းဖက်မှုအပေါ် ထိတ်လန့်တုန်လှုပ်ရပါကြောင်း သတင်းထုတ်ပြန်ပါတယ်။ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုမှန်သမျှ UNICEF က ပြင်းပြင်းထန်ထန် ရှုတ်ချတယ် စာသင်ကျောင်းဆိုတာက ကလေးငယ်တွေအတွက် အမြဲတမ်း ဘေးကင်းလုံခြုံတဲ့ နေရာဖြစ်ရမယ် နောက် အဲ့ကလေးတွေအတွက် မရှိမဖြစ် ပညာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာဆရာမတွေအတွက်လည်း ဘေးကင်းလုံခြုံစေရမယ်လို့ ဒီလို မရှိမဖြစ် ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေအတွက်ပါ” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲ Sheldon Yett က သတိပေးပြောကြားပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ စစ်သား အတင်းအဓမ္မစုဆောင်းမှုတွေကြား အသက်အန္တရာယ်ပါ သေဆုံးထိခိုက်မှုတွေရှိနေလို့ နေ့နေ့ညည လုံခြုံရေး စိုးရိမ်မကင်းဖြစ်နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကို သူတို့စိုးရိမ်ချက်ပြောပြကြပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာတော့ ရိုဟင်ဂျာတိုက်ခိုက်ရေးအကြမ်းဖက်သမားတွေဟာ မြန်မာစစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေကြတယ်လို့ AFP သတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။ ရိုဟင်ဂျာ ၆ သိန်းကျော် လောက်နေထိုင်တဲ့ ရခိုင်ပြည်နယ်ထဲ တိုင်းရင်းသားတွေ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ရေး စစ်ကောင်စီကို အာရက္ခတပ်တော် AAက တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ရိုဟင်ဂျာမူဆလင်တွေ အများစုနေထိုင်တဲ့ ဘူးသီးတောင်ကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ AA အာရက္ခတပ်တော်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှှို့ဖျက်ဆီးပြီး ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးအောင် လုပ်နေတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေသူတွေက ပြောဆိုနေပေမဲ့ အာရက္ခတပ်တော် AA ဘက်ကတော့ ဒါဟာ ဝါဒဖြန့်ချီမှုသက်သက်သာဖြစ်တယ်လို့ ပြန်တုန့်ပြန်ထားကြောင်း AFP သတင်းမှာဖော်ပြပါတယ်။