ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ် အီတလီ Abbiategrasso မြို့တော်၀န် ချီးမြှင့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့တဲ့ အခမ်းအနား

မြန်မာနိုင်ငံမှာ ထောင်ဒဏ် (၂၇)နှစ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က မနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့ပါတယ်။ အီတလီမြောက်ပိုင်း မီလန် မှာရှိတဲ့ အဲဒီမြို့လေးရဲ့ မြို့တော်ဝန် Cesare Nai ဦးဆောင် ချီးမြှင့်တဲ့ အခမ်းအနားကို မိခင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားငယ်ဖြစ်သူ ကင်မ် အဲရစ် တက်ရောက်ခဲ့ပါတယ်။

မနက်ဖြန် ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် အသက် (၇၉)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို Abbiategrasso မြို့က ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို သူတို့မြို့ရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်တာဖြစ်ပါတယ်။

ဒီအခမ်းအနားကို အီတလီလွှတ်တော်အမတ် Umberto Maerna အပါအ၀င် Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့တဲ့ အခမ်းအနား

သားဖြစ်သူ ကင်မ်အဲရစ်ကတော့ သူ့မိခင်ရဲ့ စာ ကို ဒီနှစ် ဇန်နဝါရီက ရခဲ့ပြီးနောက် စစ်ကောင်စီက အဆက်အသွယ်ကို ဖြတ်တောက်ထားတယ်လို့ အီတလီသတင်းမီဒီယာဖြစ်တဲ့ the PIME missionaries ကိုပြောပါတယ်။ သူ့မိခင်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲဆိုတာ မိသားစုအနေနဲ့ ဘာမှမသိရဘူးလို့ ကင်မ်က ဆိုပါတယ်။

မြန်မာပြည်မှာ လူတိုင်းမလွတ်မြောက်မချင်း ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူးလို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချထားတဲ့သူ့ကို အကျဉ်းထောင်ကနေနေရာပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် ဘယ်နေရာ မှာ ထားရှိထားသလဲကို မသိရပါဘူး။