ဒေါ်အောင်ဆန်းစုကြည် (၇၉)နှစ်မြောက်မွေးနေ့ပွဲ Timor-Leste နိုင်ငံ စံတော်ချိန် ညနေမှာ ကျင်းပဖို့ရှိ

NUG’s foreign minister Zin Mar Aung (right) and Timorese president José Ramos-Horta (Left) July 1 (Facebook/NUG)

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုဖွယ်အခမ်းအနားကို Timor-Leste တီမော လတ်စ်တေ နိုင်ငံ မှာ ဒေသစံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး သမ္မတ Dr. Jose Ramos-Horta ကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ ပဋိပက္ခတွေ နဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရေး တီမော လတ်စ်တေ သမ္မတက တိုက်တွန်းထားတာပါ။

တီမောလတ်စ်တေနိုင်ငံမှာ ဒီကနေ့ ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို သမ္မတ ကိုယ်တိုင်တက်ရောက်ဖို့ရှိတာဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ သမိုင်း၀င်ဖြစ်တယ်လို့ တီမောကို ရောက်ရှိနေတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားလှယ်အဖွဲ့၀င် ဦးလင်းသန့်က ဗွီအိုအေကို ပြောပါတယ်။

"ဒါကတော့ symbolic ဖြစ်မယ်လို့ထင်ပါတယ်။ historic လဲဖြစ်မယ် symbolic လဲဖြစ်မယ်ပေါ့နော်။ အဲ့လိုမျိုး ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ နောက်တခုကတော့ ဒီသမ္မတကြီးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ တက်ရောက်ပြီးတော့ မွေးနေ့ကိတ်ခွဲကြမယ့် ကိစ္စဆိုတော့ နိုင်ငံတကာ ခေါင်းဆောင်တွေရော ဒေသတွင်းခေါင်းဆောင်တွေရောကို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မေ့မထားဖို့တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၂သောင်းကျော် လွတ်မြောက်ဖို့အရေးကို လုပ်ကြမယ်ပေါ့။"

တီမောလတ်စ်တေ နိုင်ငံ ဒေသစံတော်ချိန် ညနေခင်းမှာပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအခမ်းအနားကို တီမော သမ္မတကြီးနဲ့အတူ အစိုးရအဖွဲ့၀င်တွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။