မြင်းခြံ ကားလမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ သံဃတော်တပါး ပျံလွန်တော်မူ

A monk was shot dead on Myingyan Road in Mandalay. (June 23, 2024) Photo- The SAC's information unit

ပဲခူးက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ရက်ပိုင်းအတွင်းမှာပဲ မန္တလေးတိုင်း မြင်းခြံဘက်မှာ ပရဟိတဆောင်ရွက်နေတဲ့ သံဃတော်တပါး အပြန်ခရီး ကားပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

တနင်္ဂနွေနေ့က ပျံလွန်တော်မူသွားတဲ့ စခမ ကျေးရွာ ဆရာတော်ဟာ လူနာကို မြင်းခြံဆေးရုံကို ပို့ဆောင်ပြီး အပြန်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်တွေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။ ပစ်ခတ်ခံရတဲ့နေရာဟာ မြင်းခြံမြို့အစွန်က ၁၈ ရပ်ကွက်အနီးက မြို့ပတ်လမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာဟာ စစ်တပ်လုံခြုံရေးတွေ ရှိတဲ့နေရာဖြစ်တယ်လို့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာအနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ဖြစ်စဉ်ကိုအခုလို ရှင်းပြပါတယ်။

"ဆရာတော်က ညဦးပိုင်းကို လူနာရှိတော့ စခမ ကျေးရွာက လူနာကို အဖော်တယောက်နဲ့အတူ မြင်းခြံဆေးရုံကို လိုက်ပို့တာ လမ်းမှာ အစစ်အဆေးတွေလည်းရှိတော့ စစ်ကောင်စီတို့ ပျူစောထီးတွေတို့က စစ်တော့ ဆရာတော်က ကိုယ်တိုင် ကားမောင်းပြီးလိုက်ပို့တာ။ အဲ့အရင်ကလည်း ဆရာတော်က မန္တလေးတို့ဘာတို့တွေကို ပရဟိတ ပုံစံမျိုး လိုက်ပို့နေတာ။ အဲ့ညက လူနာရှိလို့ မြင်းခြံဆေးရုံကို သွားပို့ပြီး ပြန်လာတဲ့အချိန်မှာ LockDown အချိန်က လွန်သွားပြီလေ။ ဆရာတော်က ၉ ခွဲလောက်ကို ကားမောင်းပြီး ပြန်လာတာ။ မြင်းခြံကနေ စခမ ကျေးရွာကို အပြန် စစ်ကောင်စီတွေ ကင်းပုန်းဝပ်နေတဲ့ နေရာကိုအဖြတ် သူတို့က ဆရာတော့်ကို ကားရှေ့မီးတော့ဖွင့်တယ်။ အတွင်းမီး မဖွင့်တော့ ဆရာတော့်ကို မတားမပြုဘဲ ပုံစံကြည့်တာ မူးရူးနေတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ပစ်တာထင်တယ်။ အဲ့မှာဆရာတော်လည်း ပျံလွန်တော်မူတယ်။ သူနဲ့ပါတဲ့ အောင်မျိုးသောင်းဆိုတဲ့သူ စမခရွာက ဒဏ်ရာရတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မြို့နား အဲ့လောက် နီးနီးကပ်ကပ် နေလို့မရဘူး။ အဲ့နား ရပ်ကွက်တွေနဲ့ အနီးဆုံးနေရာမှာ နေတာကတော့ စစ်ကောင်စီ ကင်းပုန်းတွေနဲ့ ပျူစောထီးတွေပဲနေတာ။"

ဇွန်လ ၂၃ ရက် ညပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့နဲ့မကျီးသမျှား ကျေးရွာကြားမှာ မြတ်ပုည ပရိဟိတ အသင်း လူမှုကူညီရေးကားကို ကိုယ်တိုင်မောင်းနှင်လာတဲ့
စခမ ကျေးရွာ ဘုန်းကြီးကျောင်းက ဆရာတော် ဟာ သေနတ်ပစ်ခတ်ခံရမှုကြောင့် နေရာမှာတင် ပျံလွန်တော်မူခဲ့တာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့- ဆရာတော်ဟာ လူနာကို မြင်းခြံဆေးရုံကို ပို့ဆောင်ပြီး အပြန်မှာ PDF အမည်ခံအကြမ်းဖက်သမားတွေက ပစ်ခတ်တာလို့ စွပ်စွဲထားပြီး ဆရာတော်နဲ့ အတူ လိုက်ပါသွားတဲ့ အရပ်သားတဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။