စစ်ကောင်စီအလွန် အင်အားစုတွေပြင်ထားသင့်

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

လူထုဦးဆောင်တဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ အသင့်ဖြစ်နေတဲ့ မြန်မာ့တော်လှန်ရေး

-------------------------------------------------------------------------------------------------------------------

မြန်မာ့တော်လှန်ရေးဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ Dr.Paul Lin ကိုဆိုပါတယ်။တော်လှန်ရေးဟာ နိုင်ငံတော်သစ်မွေးဖွားမှာလား ဒါမှမဟုတ် တစစီပြိုကွဲသွားမှာလားလို့လည်း Dr.Paul Lin က မေးခွန်းထုတ်ထားပါတယ်။ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကတော့ မြန်မာ့တော်လှန်ရေးအခြေအနေဟာ အလှည့်အပြောင်းဆုံမှတ်(Tipping Point)ကိုကျော်ပြီး အပြီးသတ် အဆုံးအဖြတ်မှတ်(End Point)ကိုသွားနေပြီလို့ သုံးသပ်ပါတယ်။The Stateman News Agency ကတော့ လားရှိုးကျဆုံးတာဟာ မြန်မာလူထုရဲ့ ငြိမ်းချမ်းရေး၊တရားမျှတရေးနဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာနိုင်တဲ့ မြန်မာ့သမိုင်းကဏ္ဍသစ်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကျဆုံးသွားခြင်းဟာ စစ်ရေးချိန်ခွင်လျှာကို အကြီးအကျယ်အလှည့်ပြောင်းဖြစ်သွားစေကာ စစ်တက္ကသိုလ်အခြေစိုက်ရာ မေမြို့နဲ့ မန္တလေးမြို့တွေအထိပါ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်း​ ကောင်းတွေဖြစ်ပေါ်စေတယ်။ဒါ့အပြင် စစ်ကောင်စီတပ်တွေအတွင်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြတာတွေ့ရပါတယ်။အမှန်တကယ်မှာလည်း မေမြို့က စစ်တပ်အရာရှိကြီးတွေရဲ့ မိသားစုတွေအပါအဝင် မြို့နေလူထု မြို့ကနေထွက်ခွါ စစ်ရှောင်ကြတဲ့ သတင်းတွေကို မြင်တွေ့နေရပါတယ်။မန္တလေး အနီးတဝိုက်က မတ္တရာ၊စဉ့်ကူးမြို့တွေကို မန္တလေး PDF က သိမ်းပိုက်လိုက်တာ၊နွားထိုးကြီး၊မြင်းခြံ၊တောင်သာမြို့တွေတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း တွေ့နေရပါတယ်။

ဒီလိုအခြေအနေမှာပဲ ဒေါ်လာစျေး၊ရွှေစျေးတွေဟာ မကြုံစဖူး စံချိန်တင် မြင့်တက်နေတာ၊ကုန်စျေးနှုန်းတွေက အဆမတန်တက်၊ဆေးဝါးတွေ ရှားပါး၊ပြတ်လပ် ဝယ်မရတဲ့သတင်းတွေနဲ့အတူ ဒီဇယ်၊ဓာတ်ဆီ တကျော့ပြန်ပြတ်လပ်လာတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။ပြောရရင် စစ်ကောင်စီဟာ စစ်ရေးမှာ အခြေမလှတော့သလို စီးပွါးရေးကိုလည်း မထိန်းနိုင်တော့ပါဘူး။ဒါကြောင့်လည်း နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီဟာ ဒီအတိုင်းသာ ဆက်သွားရင် အနှေးနဲ့ အမြန် ပြိုမှာပဲလို့ သုံးသပ်ကြတာပါ။

ဟုတ်လည်း ဟုတ်ပါတယ်။အကဲခတ်တွေသုံးသပ်သလိုပဲ စစ်ရေးမှာလည်းရှုံးနိမ့်၊စီးပွါးရေးကိုလည်း တည်ငြိမ်အောင် မစီမံ၊မခန့်ခွဲနိုင်၊နိုင်ငံရေးအရလည်း ဖြေရှင်းနိုင်စွမ်းမရှိတဲ့ စစ်ကောင်စီဟာ အနှေးနဲ့အမြန်ဆိုသလို ကျရှုံးတော့မှာကို အငြင်းပွါးသူ သိပ်မရှိတော့ပါဘူး။စိုးရိမ်ကြ၊စိတ်ပူကြတာက စစ်ကောင်စီဟာ မစားရတဲ့ အမဲ သဲနဲ့ပက်မှာကိုပါ။တိုင်းပြည်ကို ကောင်းအောင် တည်ဆောက်နိုင်စွမ်း မရှိပေမဲ့ဖျက်ဆီးနိုင်စွမ်းက ရှိနေပါသေးတယ်။အထူးသဖြင့် မြို့ရွာတွေကို ဗုံးကြဲဖျက်ဆီးတာမျိုးက အစ တော်လှန်ရေး အင်အားစုတွေကြား သတ်လျှိုဖြိုခွဲတာအဆုံး လုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့် စစ်ကောင်စီအလွန်ကာလမှာ ဘယ်လိုဆက်သွားကြမလဲ စိုးရိမ်ပူသူတွေလည်းရှိကြပါတယ်။

Gustaaf Houtman နဲ့ ဖီးနစ်တို့ကတော့ တော်လှန်ရေးအလွန်ကာလအတွက် အခြေခံဥပဒေတစ်ခုထက် ကြေညာစာတမ်းတစ်ခုက အရင်လိုတယ်လို့ ဆိုပါတယ်။

"ယခုကဲ့သို့သော အချိန်ကာလမျိုးတွင် နိုင်ငံသစ် တည်ဆောက်လိုသူတို့အနေဖြင့် မိမိတို့တန်ဖိုးထားသော ဘုံ စံနှုန်းများကို ကြေညာစာတမ်းအဖြစ် ထုတ်ဖော်ပြသင့်ပေသည်။ သို့မှသာလျှင် ထိုကြေညာချက်တွင် ပါဝင်သော အချက်အလက်တို့သည် တချိန်တွင် လူ့အဖွဲ့အစည်းသစ်၏ အုတ်မြစ်အဖြစ် အနာဂတ်လူ့အဖွဲ့အစည်းကို ထောက်ပံ့ပေးထားနိုင်ပေလိမ့်မည်”

"ကြေညာစာတမ်းတစ်ခု ထုတ်ပြန်ခြင်းသည် (၁) မြန်မာပြည်တွင်းရှိ မတူကွဲပြား‌သော လူမျိုးများအကြား ဘုံတူညီသည့် တန်ဖိုးများ ရုပ်လုံးပေါ်လာစေခြင်း၊ (၂) အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက်အုတ်မြစ်တခု ဖြစ်လာနိုင်ခြင်း၊ (၃) အစုစုကွဲပြားနေသော နိုင်ငံရေးအစုအဖွဲ့များကို စုစည်းပေးနိုင်ခြင်း၊ (၄) မြန်မာ့အရေးအတွက် နိုင်ငံတကာအာရုံစိုက်မှုနှင့် အထောက်အပံ့များ ရရှိနိုင်ခြင်းဟူသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်”လို့ Gustaaf Houtman နဲ့ ဖီးနစ်တို့ရေးသားတဲ့ အခြေခံဥပဒေထက် ကြေညာစာတမ်းအရင်ထုတ်ဖို့ လိုသည်ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။၁၉၄၇ က ပင်လုံသဘောတူညီချက်မျိုး၊၁၉၄၈ က လွတ်လပ်ရေးကြေညာစာတမ်းမျိုး လိုအပ်တယ်လို့လည်း အဲဒီ ဆောင်းပါးမှာ ရေးသားထားတာတွေ့ရပါတယ်။

ဆိုလိုတာကတော့ နွေဦးတော်လှန်ရေးကာလအလွန်မှာ တော်လှန်ရေးအင်အားစုတွေကြား၊တနည်းအားဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု(ERO)တွေအပါအဝင်အခြားသောတော်လှန်ရေးအင်အားစုတွေကြားမှာအခြေခံနိုင်ငံရေးသဘောတူညီချက်တရပ် လိုအပ်နေတယ်ဆိုတာပါပဲ။ဒီနေရာမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ် ပဋိညာဉ်(FDC)၊NUG နဲ့ ERO တွေ ပူးတွဲထုတ်ပြန်ထားတဲ့ K3C ပူးတွဲကြေညာချက်တွေဟာလည်း အခြေခံနိုင်ငံရေးသဘောတူညီချက် တနည်းအားဖြင့် နိုင်ငံရေးကြေညာစာတမ်းတွေပဲလို့ ထောက်ပြစရာရှိပါတယ်။သို့သော်အဆိုပါကြေညာစာတမ်းတွေဟာ ပြည့်စုံဖို့၊အရေးပါတဲ့ တော်လှန်ရေးအင်အားစုတွေ ပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ ဝေဖန်သုံးသပ်သူတွေက ဆိုကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးကြီး ရည်ရွယ်ချက်က ရှင်းပါတယ်။ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဖြစ်ပါတယ်။ဒါကို အင်အားစုအားလုံးက လက်ခံထားပြီးလည်း ဖြစ်ပါတယ်။Dr.Paul Lin ကလည်း စစ်ကောင်စီကျဆုံးမှုနဲ့အတူ လူမျိုးစု အမျိုးသားရေးဝါဒကို အဆုံးသတ်ပြီး မြန်မာဟာ လူမျိုးစုအများအပြားစုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုသာဖြစ်သင့်ပါတယ်လို့ သူ့ရဲ့ လမ်းဆုံ လမ်းခွရောက်နေတဲ့ မြန်မာ့တော်လှန်ရေးဆောင်းပါးမှာ ရေးသားထားပါတယ်။

အလားတူပါပဲ မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကြာလေ့လာရေးသားခဲ့သူ ဒေါက်တာအက်ရှ်လေဆောက်သ်ကလည်း ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ မြန်မာနိုင်ငံဟာ လူထုဦးဆောင်တဲ့ ဖက်ဒရယ်စနစ် ထူထောင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊အခြေခံအုတ်မြစ်ကောင်းတွေရှိနေပြီလို့ ကရင်၊ကရင်နီနဲ့ကချင်ပြည်နယ်တွေက ပညာရေးတည်ဆောက်နိုင်မှုတွေကို ဥပမာပေးပြီး ပြောကြားသွားတာတွေ့ရပါတယ်။

၂၀၂၄၊ဩဂုတ်(၁၂)ရက်နေ့က ကိုးကန့်၊တအာန်းနဲ့ ရက္ခိုင်အဖွဲ့အစည်းတွေ ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထုတ်ပြန်တဲ့ ကျေးဇူးတင်လွှာမှာ "မိမိတို့ အဖွဲ့အစည်း သုံးဖွဲ့အနေနဲ့ မိမိတို့၏ စစ်ဆင်ရေးလက်ကျန်များနှင့် အဖိနှိပ်ခံ မြန်မာပြည်သူတရပ်လုံးလိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေးအတွက် တသွေးတည်း၊တသားတည်းအတူရှိနေကြောင်းကိုလည်း ဤကျေးဇူးတင်လွှာနဲ့အတူ ထပ်မံ အသိပေးအပ်ပါသည်” လို့ ဖော်ပြထားတာတွေ့ရပါတယ်။ဒါဟာ ဒေါက်တာအက်ရှ်လေဆောက်သ် ပြောသလို တော်လှန်ရေးလွန်ကာလ၊ဖက်ဒရယ်စနစ်အတွက် အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချက်ကို ဖော်ညွှန်းနေတာလည်း ဖြစ်ပါတယ်။

ပြည်သွေးနိုင်