စစ်ကောင်စီကံကြမ္မာ ဘယ်အခြေဆိုက်မလဲ

အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

အကြပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်အောက်က စစ်ကောင်စီ ကျရှုံးတော့မှာလား

-----------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မလာမီတစ်ရက်အလို ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖယ်ရှားကာ တန်ပြန်အာဏာသိမ်းမှုဖြစ်ပွါးတယ်ဆိုတဲ့သတင်းတွေ ဆိုရှယ်မီဒီယာမှာ အရှိန်အဟုန်နဲ့ ပြန့်နှံ့ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နောက်တနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့တာတွေ့ရသလို တန်ပြန်အာဏာသိမ်းတဲ့သတင်းကိုလည်း စစ်ကောင်စီက မဟုတ်၊မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ကောလဟလ သတင်းတွေအရ တန်ပြန်အာဏာသိမ်းရာမှာ ပါဝင်ခဲ့တယ်လို့ နာမည်ထွက်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအပါအဝင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ ညိုစောနဲ့ ရဲဝင်းဦးတို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးရာထူးတွေတိုးပေးလိုက်တဲ့အကြောင်း သတင်းတွေက ဆိုပါတယ်။အဲဒီလို အောင်လင်းဒွေး၊ညိုစောနဲ့ ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးတွေအဖြစ် ရာထူးတိုးပေးပြီး မရှေး မနှောင်းမှာပဲ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို စစ်ရုံးချုပ်မှာရော၊သမ္မတအိမ်တော်မှာပါ သူထိုင်နေကြ ရုံးခန်းကနေ ပြောင်းရွှေ့ရတယ် ဆိုတဲ့သတင်းကို ဧရာဝတီသတင်းဌာနက ဩဂုတ် ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။ဒီဖြစ်စဉ်တွေကိုကြည့်ရင် နေပြည်တော်မှာ တန်ပြန်အာဏာသိမ်းခဲ့တာမျိုး ရှိ၊မရှိ အသေအခြာ မပြောနိုင်ပေမဲ့ စစ်ကောင်စီထိပ်ပိုင်းမှာ ရာထူးအပြောင်းအလဲတွေနဲ့ လှုပ်ခတ်နေတယ်၊အချင်းချင်းကြား မယုံကြည်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတယ်ဆိုတာကတော့ သေချာပါတယ်လို့ အကဲခတ်တွေက ယူဆကြပါတယ်။

ဧရာဝတီသတင်းက စစ်ရုံးချုပ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရုံးခန်းနဲ့ တထပ်တည်းမှာရှိတဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရုံးခန်းကို အောက်ထပ်သို့ ရွှေ့ရတယ်၊အလားတူပဲ သမ္မတအိမ်တော်မှာလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းမှာထိုင်တဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုံးခန်းကို သမ္မတအိမ်တော် အပြင်ဘက်မှာရှိတဲ့ ဒုသမ္မတ ၂ ရုံးခန်းကို ပြောင်းရွှေ့ရတယ်လို့ ဖော်ပြထားပါတယ်။စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လူယုံများကို လုပ်ပိုင်ခွင့် ပိုပေးကာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ အခန်းကဏ္ဍကို လျော့ချလိုက်သလား မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်း ဧရာဝတီသတင်းကဆိုပါတယ်။

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ရှုတ်ချနေကြပြီဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဧရာဝတီသတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြထားတာတွေ့ရပါတယ်။ဧရာဝတီဆောင်းပါးက ကြံခိုင်ရေးပါတီ နေပြည်တော်ဥက္ကဌ ဘူးလက်လှဆွေ၊ပေါက်ကိုယ်တော်နဲ့ ဦးဝီရသူတို့ကို ကိုးကားရေးသားပါတယ်။ဘူးလက်လှဆွေက အရင်က ကာကွယ်ရေးဦးစီချုပ်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ စီစီဝမ်၊တာပန်တိုက်ပွဲတွေမှာ ရှေ့တန်းစစ်မျက်နှာတွေအထိသွားရောက်ကာ အနီးကပ်ကြီးကြပ်ကြတယ်လို့ ပြောတဲ့အကြောင်း၊စစ်တပ်ကို အမာခံထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ပေါက်ကိုယ်တော်ကလည်း လူမှုကွန်ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကြီး၊ စစ်တပ်ကို ထောက်ခံပြီးချစ်တဲ့ကျုပ်တို့က ခင်ဗျားကို စိတ်ပျက်နေပြီလို့ ရေးတဲ့အကြောင်းနဲ့ အမျိုးသားရေး အစွန်းရောက် မဘသဘုန်းကြီး ဦးဝီရသူကလည်း လူမှုကွန်ယက်မှာ မင်းအောင်လှိုင်ကို လှောင်ပြောင်ပြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်မြောက်ပိုင်းကို တော်လှန်ရေးတပ်တွေဆီ လှူလိုက်တယ်လို့ စွပ်စွဲတဲ့အကြောင်း ဧရာဝတီဆောင်းပါးမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ISP-Myanmar ရဲ့ နေပြည်တော်လိုဂျီ-၅ ဆောင်းပါးမှာ စစ်ခေါင်းဆောင်နှင့် တကိုယ်တော်ရှိုး။ခေါင်းရှောင်လက်ညှိုးထိုး နိုင်ငံရေးလုပ်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကံကြမ္မာသည် ကျဆုံးမည့်ဘက်သို့ ခြေလှမ်းပိုစိပ်လာသည် လို့ခေါင်းစဉ်ပေးဖော်ပြထားပါတယ်။အဲဒီဆောင်းပါးမှာစစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာမှာ မြန်မာ့တပ်မတော်နဲ့ စစ်အာဏာသိမ်း ခေါင်းဆောင်တွေအဖို့ ကြီးလေးတဲ့ ပြဿနာတွေကို တိုးလို့ရင်ဆိုင်နေရပါပြီ။

စစ်ရေးအရ စစ်တိုင်း ၁၄ ခု ရှိတဲ့အထဲ လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျရှုံးသွားပြီး ကျန်တဲ့ စစ်တိုင်းတွေထဲက ၉ ခုဟာ တိုက်ရိုက် စစ်မျက်နှာစာဖွင့် ရင်ဆိုင်နေရပါတယ်။နယ်မြေ၊ တပ်ဖွဲ့၊ လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးနေရပြီး လက်လွှတ်လိုက်ရတဲ့မြို့ ၇၄ မြို့ ရှိနေရုံတင်မက မြေပြန့်ဒေသက မြို့ကြီးတွေပါ ခြိမ်းခြောက် ခံနေရပါတယ်။ ကျန်ကဏ္ဍအသီးသီးဖြစ်တဲ့ လူမှုစီးပွား ပြဿနာတွေမှာလည်း မရှူနိုင်မကယ်နိုင် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်ထားတဲ့ ‘နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ’ဆိုတာ နိုင်ငံရေး ပါတီတခုက အာဏာကိုချုပ်ကိုင်ထားတဲ့၊ ပါတီဦးဆောင်နေတဲ့ အုပ်စိုးမှုစနစ်(Party-led regime) မျိုးမဟုတ်သလို၊ စစ်တပ်အရာရှိတွေ စုပေါင်းဦးဆောင်နေတဲ့ အုပ်စိုးမှုစနစ် (Military-led regime) မျိုးလည်း ဟုတ်မနေပါဘူး။ လူတဦးတည်းက ထင်ရာကြဲနေတဲ့ အုပ်စိုးမှုစနစ်မျိုး (Personalist regime) ဖြစ်နေပါတယ်လို့ ရေးသားထားပါတယ်။ဒါ့အပြင် စစ်ကောင်စီ အာဏာရယူစဉ်က နိုင်ငံတကာ ဘဏ်ခွဲ ၁၄ ခုမှာ ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့တယ်လို့ ဆိုကြပါတယ်(အာဏာသိမ်းပြီးချိန်မှာ အရေးယူမှုအဖြစ် ဒေါ်လာ တစ်ဘီလီယံကို အမေရိကန် ပြည်ထောင်စုက ပြန်ထုတ်မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်)။ ခုအချိန် သုံးနှစ်ကျော်ကာလမှာတော့ နိုင်ငံခြားငွေတွေလည်းကုန်၊ ရလဒ်လည်းမပေါ်၊ နိုင်ငံလည်း ပြိုကျလုမတတ် ကြုံနေရပြီလို့ ဆိုကြပါတယ်လို့လည်း ရေးသားထားတာတွေ့ရပါတယ်။

ဒါကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ စိတ်ပူရတဲ့အခြေအနေကိုရောက်နေပြီလို့ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ထို့အတူပါပဲ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးချုပ် IIMM အဖွဲ့ အကြီးအကဲ နီကိုလပ် ကွန်မ်ဂျန်ကလည်း မြန်မာစစ်တပ်ဟာ ဆောက်တည်ရာ မရ ဖြစ်နေပြီ။

အကြမ်းဖက်မှုတွေ ပိုလုပ်လာတာတွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံအခြေစိုက် The Stateman သတင်းစာကလည်း Turning Point ဆိုတဲ့ သဘောအမြင်ကိုရေးသားပါတယ်။အဲဒီ သဘောထား အမြင်မှာ စစ်ကောင်စီအနေနဲ့ လားရှိုးကို ဆုံးရှုံးရတာဟာ နည်းဗျူဟာ ရှုံးနိမ့်မှု မဟုတ်ဘဲ မဟာဗျူဟာ အရေးနိမ့်မှုဖြစ်တယ်။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လျှင်မြန်စွာ ကျဆုံးသွားတာဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးမှု ဆက်လက်တည်မြဲနိုင်ပါဦးမလားဆိုတာ အကြီးအကျယ်မေးခွန်းထုတ်စရာဖြစ်တယ်လို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာ အကဲခတ်သူတွေ၊ပညာရှင်တွေက စစ်ကောင်စီအလွန်ကာလကို ပြောဆို၊ဆွေးနွေးလာကြပါပြီ။

ဒါကြောင့်လည်းနိုင်ငံရေးသုတေသီတစ်ဦးက စစ်ကောင်စီ ဟာ နယ်မြေတွေ တဖြည်းဖြည်း ဆုံရှုံးလက်လွှတ်နေရပါပြီ။

တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှုနဲ့ ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာနေပါပြီ။

အရေးကြီးတာက အဲဒီနယ်မြေတွေမှာ အုပ်ချုပ်ရေး ဘယ်လိုထူထောင်မလဲ။ပညာရေး၊ကျန်းမာရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ စနစ်တကျ ဘယ်လို ထူထောင်မလဲ ဆိုတာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေပါပြီလို့ ဆိုပါတယ်။

ပြည်သွေးနိုင်