ထောင်တွင်းကွယ်လွန်ခဲ့တဲ့ Alexei Navalny ရဲ့ကိုယ်တွေ့မှတ်တမ်း

RUSSIA-NAVALNY/BRITAIN

ရုရှားအကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ရုရှားနိုင်ငံရေးအတိုက်အခံ Alexei Navalny ဟာ သူထောင်ထဲမှာ သေဆုံးမယ်လို့ ယုံကြည်ထားတာကို မကြာခင် ထုတ်ဝေမယ့် ကိုယ်တွေ့ဘဝမှတ်တမ်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။ Patriot မျိုးချစ်လို့ စာအုပ်နာမည်ပေးထားပြီး သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုကာလက အကြောင်းတွေကို ရေးသားထားပါတယ်။

The New Yorker မဂ္ဂဇင်းကနေ စာအုပ်ထဲက အချက်တချို့ကို ကောက်နှုတ်ဖော်ပြထားတာမှာ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာထဲက သူ ထောင်ထဲမှာပဲ တသက်လုံး နေသွားရတော့မယ်လို့ Alexei Navalny ရေးသားခဲ့ပါတယ်။ ဘယ်သူ့ကိုမှ နှုတ်ဆက်လိုက်နိုင်မှာ မဟုတ်ပါဘူးလို့ သူက ရေးခဲ့သလို၊ အမှတ်တရနေ့တွေအားလုံး သူမပါဘဲ ဆင်နွဲကြရလိမ့်မယ်။

သားသမီးတွေ မွေးလာမယ့် မြေးလေးတွေ တယောက်ကိုမှ သူ မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ Navalny က ဒိုင်ယာရီ နေ့စဉ်မှတ်တမ်းထဲမှာ ရေးသားခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်သူဖြစ်တဲ့ Navalny ကို အာတိတ်စက်ဝိုင်းဒေထဲမှာရှိတဲ့ ရာသီဥတုကြမ်းတဲ့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၉ နှစ် ချထားစဉ် အခုနှစ် ၂၀၂၄ ဖေဖော်ဝါရီလတုန်းက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လိမ်ညာသူတွေ၊ သူခိုးတွေ၊ အပြောနဲ့ အလုပ်မညီသူတွေရဲ့လက်ထဲ ကိုယ့်အမိမြေကြီးကို လက်လွတ်ဆုံးရှုူံးလိုက်ရမှာကို အစိုးရိမ်သင့်ဆုံး ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ မှတ်တမ်းမှာ Navalny က ရေးထားပါတယ်။ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ နှိပ်စက်မှုတွေ၊ ထောင်တွင်း သအစာငတ်ခံဆန္ဒပြလို့ စိတ်ရော ကိုယ်ပါ ထိခိုက်ခဲ့တဲ့ အခြေအနေတွေကိုလည်း ဒိုင်ယာရီထဲမှာ သူက မှတ်တမ်းတင်ခဲ့ပါတယ်။

Navalny ရဲ့ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီကို ဖတ်ရသူတိုင်း သူခံစားခဲ့ရတာတွေ၊ သေဆုံးခဲ့ရတာတွေအတွက် ယူကြုံးမရ အမျက်ဒေါသ ထွက်ကြရတယ်လို့ New Yorker အယ်ဒီတာ David Remnick က ရေးသားထားပါတယ်။ Alexei Navalny ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ် ဖြစ်ပါတယ်။