ဟာမတ်စ်ထိပ်တန်းခေါင်းဆောင် စင်ဝါသေဆုံးကြောင်း အစ္စရေးအတည်ပြု

ယခင်မှတ်တမ်းရုပ်ပုံ | ဂါဇာမြို့အစည်းအဝေးတခုမှာ တွေ့ရတဲ့ ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် Yahya Sinwar (ဧပြီ ၃၀၊ ၂၀၂၂)

ဟာမတ်စ်ထိပ်တန်းခေါင်းဆောင် ယာယာ စင်ဝါ (Yahya Sinwar)ဟာ ဂါဇာက အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး က အတည်ပြုပြောကြားလိုက်ပါတယ်။ ဆင်ဝါဟာ မနှစ်က အောက်တိုဘာ ၇ ရက် အစ္စရေးအပေါ် တိုက်ခိုက်မှုကို စီစဉ်သူညွှန်ကြားသူတစ်ဦးဖြစ်ပြီး စစ်ပွဲကို စစေခဲ့သူဖြစ်ပါတယ်။

အစ္စရေး-ဟာမတ်စ်စစ်ပွဲ စတင်ခဲ့တဲ့ တစ်နှစ်ကျော်ကာလကတည်းက ဆင်ဝါဟာ အစ္စရေးရဲ့ အလိုရှိဆုံးပုဂ္ဂိုလ်စာရင်းမှာ ထိပ်ဆုံးကနေ ရှိနေခဲ့တာပါ။ သူအခုလို သေဆုံးသွားတာဟာ ဟာမာတ်စ်စစ်သွေးကြွတွေအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ သူ့သေဆုံးမှုနဲ့ပတ်သက်ပြီး ဟာမတ်စ်ဘက်က ချက်ချင်းအတည်ပြုချက် မပေးသေးပါဘူး။

နိုင်ငံခြားရေးဝန်ကြီး Katz က ဆင်ဝါကို သုတ်သင်နိုင်ခဲ့တာဟာ "အစ္စရေးစစ်တပ်အတွက် စစ်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ခု" ဖြစ်တယ်လို့ ဆိုပါတယ်။

"စင်ဝါကို လုပ်ကြံရှင်းလင်းနိုင်ခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ချက်ချင်းပြန်လွတ်လာနိုင်တဲ့ အနေအထားလည်း ဖြစ်သွားစေသလို ဟာမတ်စ်နဲ့ အီရန်ရဲ့ ထိန်းချုပ်မှုမပါဘဲနဲ့ ဂါဇာဒေသမှာ အပြောင်းအလဲအသစ်တစ်ရပ်ကို ဆောင်ကျဉ်းပေးနိုင်မယ်" လို့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။