စစ်‌ဘေးနဲ့ရေဘေးဒဏ်ကြောင့် ကရင်နီဒေသလူသားချင်းစာနာကူညီမှု IEC တောင်းခံ

  • VOA Burmese

ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

စစ်ဘေးနဲ့ ရေဘေး နှစ်ခုစလုံး ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ ကရင်နီဒေသက ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောက်ရေးဌာန က ပန်ကြားလိုက်ပါတယ်။ စစ်ရေးပဋိပက္ခနဲ့ သဘာဝဘေးဒဏ်တွေကို ထိခိုက်ခံစားနေရတဲ့ စစ်ရှောင် လူဦးရေ တသိန်းငါးသောင်း(၁၅၀,၀၀၀) ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်ပြောပြမှာပါ။

ကရင်နီဒေသ လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ ပံ့ပိုးကူညီကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန က အောက်တိုဘာလ ၂၈ ရက်မှာ ပန်ကြားချက်ထုတ်ခဲ့တာပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေက တိုးမြှင့် ကူညီနိုင်ဖို့ ရည်ရွယ်တယ်လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီးခွံမာတီးယာက VOA ကို ပြောပါတယ်။

“အဓိက ကတော့ စစ်ဘေး ရေဘေးကြောင့် ကြုံရတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေအတွက်ပေါ့လေနော်၊ နိုင်ငံတကာတွေက စိတ်ဝင်စားပြီးတော့မှ ဆက်ပြီးတော့ ကူညီနိုင်ဖို့အတွက် ပိုပြီးတော့ တိုးမြှင့်ပြီးတော့မှ ကူညီဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ ဒီပန်ကြားလွှာကို ထုတ်ခြင်းဖြစ်တယ်။ အခုလတ်တလောဖြစ်ပျက်နေတဲ့ ရေဘေးပေါ့လေနော်၊ ရေဘေးနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတကာတွေ သိရှိဖို့နဲ့ ဒီရေဘေးကြောင့်ကြုံလာတဲ့ သူ့ရဲ့နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးကိစ္စတွေကို နိုင်ငံတကာတွေက ဒီအချက်အလက်တွေနဲ့ ရရှိပြီးတော့မှ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ကူညီဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့ ဒီပန်ကြားလွှာကို ထုတ်ခြင်းဖြစ်တာပေါ့လေနော်။”

ယာဂီမုန်တိုင်းကြောင့် ကရင်နီဒေသက လွိုင်ကော်၊ ဒီးမော့ဆို အပါအဝင် မြို့နယ် ၉ ခုလောက် ရေကြီးရေလျှံတာ၊ လူတွေ အသက်သေဆုံးရတာ၊ မြေပြိုတာ၊ လမ်းတံတားပျက်စီးတာ၊ စပါးခင်းနဲ့ စိုက်ပျိုးသီးနှံ့ခင်းတွေ ရေအောက်ရောက်သွားလို့ ထိခိုက်ပျက်စီးတာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ IEC ရဲ့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။ စစ်ရှောင်စခန်း ၁၆ ခု နဲ့ ကျေးရွာပေါင်း ၅၄ ရွာက အဆိုးဝါးဆုံး ရေဘေးဒဏ် ရင်ဆိုင်ကြုံတွေ့ခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရေဘေးဖြစ်ပြီးတဲ့နောက် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက် မြင့်မားလာတာလို့ ဌာနမှူးကြီးခွံမာတီးယာက ပြောပါတယ်။

“စစ်ဘေးရေဘေးကြောင့်ပေါ့လေနော် အထူးသဖြင့် ရေဘေးဖြစ်ပြီးတဲ့နောက်ပိုင်း လူထုတွေမှာက အခြေခံစားနပ်ရိက္ခာတွေမှာ ပိုပြီးတော့မှ လိုအပ်ချက်အမြင့်ဆုံးဖြစ်သွားတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကလည်း ပျိုးစိုက်ထားတဲ့ အသီးအနှံ့တွေက ရေလွှမ်းပျက်စီးမှုတွေ ဖြစ်ကုန်တာပေါ့လေနော်။ အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာ သူတို့ ရင်းနှီးမတည်ထားတဲ့ အရင်းအနှီးတွေက အကုန်ပါသွားပြီးဖြစ်တယ်။ ပါသွားတယ်ဖြစ်တဲ့အတွက်ကြောင့် နောက်တခေါက် သူတို့ ပြန်ဝယ်စား နိုင်ဖို့အတွက် အခက်အခဲတွေ ရှိလာတယ်ပေါ့လေနော်။”

ရေဘေးသင့် ပြည်သူတွေအတွက် ကနဦး တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကူညီပံ့ပိုးမှုတွေကို အစုအဖွဲ့အသီးသီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ စာနာမှုအကူအညီ လိုအပ်ချက်တွေ အလွန်ကြီးမားနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထိန်းချုပ်ထားတာ၊ အကူအညီပေးတဲ့ အဖွ့ဲအစည်းတွေကို ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်တာတွေ ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

IEC ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရရှိဖို့ ကယားပြည်နယ် အစိုးရအဖွ့ဲ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ စစ်ကောင်စီအနေနဲ့ လွိုင်ကော်မြို့ပေါ်လောက်သာ ရေဘေးထောက်ပံ့မှုပေးပြီး အမှန်တကယ် ဒုက္ခရောက်နေတဲ့ ဒေသခံတွေဆီ ပံ့ပိုးမှုအကူအညီတွေ မရောက်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

SEE ALSO:

စစ်‌ဘေးနဲ့ရေဘေးဒဏ်ကြောင့် ကရင်နီဒေသလူသားချင်းစာနာကူညီမှု IEC တောင်းခံ