ဂါဇာဆေးခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် ၆ ဦး ဒဏ်ရာရ

ဂါဇာဒေသမှာ ကလေးတွေအတွက် ပိုလီယိုအကြောပျော့ရောဂါ ကာကွယ်ဆေး ထိုးပေးနေတဲ့ ဆေးခန်းတခု (REUTERS/Dawoud Abu Alkas)

ဂါဇာဒေသမြောက်ပိုင်းမှာ ကလေးတွေအတွက် ပိုလီယိုအကြောပျော့ရောဂါ ကာကွယ်ဆေး ထိုးပေးနေတဲ့ ဆေးခန်းတခုကို အစ္စရေးရဲ့ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် လူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အစ္စရေး စစ်တပ်ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။ အစ္စရေးတပ်တွေ ဝိုင်းထားပြီး တနှစ်လောက် အဆက်အသွယ်ပြတ်တောက်နေတဲ့ ဂါဇာမြောက်ပိုင်းမှာ စနေနေ့က တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

ဂါဇာမြို့မှာရှိတဲ့ Sheikh Radwan ဆေးခန်းကနေ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ပြန်သွားပြီး သိပ်မကြာခင် စနေနေ့ မွန်းလွဲပိုင်းမတိုင်ခင် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့လည်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. Munir al-Boursh က AP သတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်ခံရမှု သတင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ လူပေါင်းရာချီ သေဆုံးပြီး၊ ထောင်သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ နယ်မြေမှာ အစ္စရေးတပ်ဖွဲ့တွေ မကြာသေးခင် သီတင်းပတ်တွေကစ နောက်တကြိမ် ထိုးစစ်ဆင်နေရာက ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ကွဲလွဲမှုတွေ ရှိနေတာကိုတော့ သီးခြားအတည်ပြုဖို့လည်း ခက်ခဲပါတယ်။

စစ်ပွဲအတွင်း အစ္စရေးတပ်ဖွဲ့တွေက ဆေးရုံဆေးခန်းတွေကို ဟားမတ်စ်တွေ အသုံးချနေတာကြောင့်ဆိုပြီး အကြိမ်ကြိမ် စီးနင်းတိုက်ခိုက်မှုတွေ ရှိခဲ့သလို၊ ပါလက်စတိုင်း တာဝန်ရှိသူတွေကတော့ စွပ်စွဲချက် မမှန်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။