အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ပျောက်ဆုံးသွားတဲ့ အစ္စရေး၊ မော်ဒိုဗာ ဂျုးဘာသာရေးဆရာ အသတ်ခံထားရတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ အကျည်းတန်တဲ့ ဂျုးဆန့်ကျင်ရေး အကြမ်းဖက် လုပ်ရပ်အဖြစ် အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂျုးဘာသာရေးဆရာ အသတ်ခံရတဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်အောင် အစွမ်းကုန် ကြိုးပမ်းမယ်လို့လည်း ဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဂျုးဘာသာရေးဆရာ အသတ်ခံရတဲ့ ကိစ္စအတွက် UAE တာဝန်ရှိသူတွေကတော့ လတ်တလော တစုံတရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။
၂၀၂၀ ပြည့်နှစ် Abraham သဘောတူညီအရ အစ္စရေးနဲ့ UAE ကြား သံတမန်ဆက်ဆံရေး ထူထောင်ချိန်ကစ အစ္စရေးနိုင်ငံသားတွေ ကုန်သွယ်ရေးနဲ့ အလည်အပတ် ခရီးထွက်ကြတဲ့ ဒူဘိုင်းမြို့မှာ ကြာသပတေးနေ့က အသက် ၂၈ နှစ်အရွယ် ဂျုးဘာသာရေးဆရာ Zvi Kogan ပျောက်ဆုံးသွားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟာမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက ဒေသတွင်း တင်းမာမှုတွေ တိုးလာနေပေမဲ့ UAE နဲ့ သဘောတူညီချက်ကတော့ ဆက်လက်ခိုင်မာနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ ဟာမတ်စ်တွေကို အပြင်းအထန် တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်နိုင်ငံက ဟက်ဇ်ဘူလာတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် UAE မှာရှိကြတဲ့ အာရပ်တွေနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကြား ဒေါသထွက်မကျေနပ်မှုတွေလည်း ပေါ်ပေါက်နေတာပါ။