ထားဝယ်ခရိုင်အတွင်း စစ်ရေးပဋိပက္ခ ရွာလုံးကျွတ်စစ်ဘေးရှောင်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲ စစ်ကောင်စီစစ်ကြောင်းလှည့်နေတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသလို ဒေသခံတချို့ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ထားဝယ်ခရိုင်ထဲ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီကို ပူးပေါင်းတိုက်နိုင်ဖို့ ထားဝယ်ခရိုင်ထဲက တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ထားဝယ်ခရိုင် တပ်ပေါင်းစုကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်ဖက်က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ပြောပြမှာပါ။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ နိုဝင်ဘာလ အစောပိုင်းကတည်းက စစ်ကောင်စီဘက်က ရွာတွေထဲဖြန့်ဝင် စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်တာနဲ့ ရွာထဲဝင်မီးရှို့တာ၊ ဒေသခံတချို့ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ရေဖြူမြို့နယ်ဘက်က ပြန်ထွက်သွားပြီဆိုပေမယ့် ဒေသခံတွေကတော့ ရွာထဲကို အားလုံးပြန်မဝင်လာသေးဘူးလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"စစ်ကြောင်းက ရေဖြူဘက်ကနေ ထွက်သွားပြီ။ စစ်ကြောင်းထိုးလာပြီး ရေဖြူဘက်ကနေ ပြန်ထွက်သွားတာ။ ပြည်သူတွေကတော့ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာရှိတဲ့ ရွာတွေအကုန်လုံးနီးပါး ရှောင်ပြေးကြတယ်။ အခုလက်ရှိမှာက စစ်ကြောင်းပြန်ထွက်သွားပြီ ဆိုပေမယ့် ရွာတွေမှာတော့ ပစ္စည်းတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းပစ္စယတွေ သူတို့သယ်သွားတယ်။ ခိုးယူသွားတာရှိတယ်။ အကုန်လုံး ရွာပျက်ကြီးလိုဖြစ်ပြီး ကျန်ခဲ့တာပေါ့။ ပြည်သူတချို့ တဝက်ကတော့ ပြန်လာနေကြပြီ။ တချို့ကလည်း မလာရဲသေးဘူး။ အခုလက်ရှိ အနေအထားအရ ဘယ်လိုဖြစ်လာမယ်ဆိုတာ သူတို့ မပြောတတ်သေးဘူးပေါ့။"

စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် အင်အားတိုးချဲ့ပြီး စစ်ကြောင်းထပ်တိုးတာတွေလည်း ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းတစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနဲ့ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ် အပါအဝင် ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအောက်မှာရှိတဲ့ ထားဝယ်ခရိုင်ထဲက တော်လှန်ရေးအင်အားစုတွေ အားလုံးချိတ်ဆက်ပြီး၊ ဘုံရန်သူကို စုပေါင်းအားနဲ့ တွန်းလှန်တိုက်ခိုက်နိုင်ဖို့ ပူးပေါင်းဖွဲ့စည်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"ကျနော်တို့ အခုလက်ရှိ သွားနေတဲ့ပုံစံက တပ်ပေါင်းစု မဖွဲ့ခင်အထိတော့ အကုန်လုံးပူးပေါင်းပြီးတော့ Local ရော၊ နယ်မြေထဲမှာရှိတဲ့ အဖွဲ့အစည်းတွေရော အကုန်လုံးပူးပေါင်းပြီးတော့ တိုက်ခိုက်တဲ့ပုံစံနဲ့ သွားတာဗျ။ အခုလက်ရှိမှာတော့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဖွဲ့လိုက်ပြီပေါ့။"

ရွာတွေထဲဝင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေ နိုဝင်ဘာလ ၂၄ ရက်၊ မနေ့တုန်းကလည်း ရေဖြူအနောက်ဘက်ခြမ်းမှာ ၂ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား တနင်္သာရီတိုင်းထဲက ဒေသခံတွေဟာ မကြာခဏဆိုသလို စစ်ရှောင်နေရပြီး၊ အိမ်မပြန်နိုင်သေးတဲ့ အခြေအနေမှာ အကူအညီတွေ လိုအပ်နေတာပါ။ စစ်ကောင်စီဘက်က တချို့နေရာတွေမှာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတဲ့အပြင် လက်နက်ကိုင်တိုက်ခိုက်တာလည်း ရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

"စစ်ကောင်စီရဲ့စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ထားတယ်လေ။ စစ်ဘေးရှောင်ရော၊ ရွာထဲက ပြည်သူတွေပါ ခိုးကြောင်ခိုးဝှက်နဲ့ စားနပ်ရိက္ခာတွေ မှောင်ခိုလမ်းကနေ သွားဝယ်ရတဲ့ အနေအထားရှိတယ်။ သွားဝယ်တဲ့လမ်းကြောင်းမှာ သူတို့နဲ့ ပက်ပင်းတိုးရင်တော့ လက်နက်ကြီးပစ်တယ်။ အဲဒီမှာ မသေဘဲနဲ့ လွတ်လာတဲ့လူဆိုရင်တော့ ကံကောင်းတာပေါ့။ တချို့ဆိုရင် လက်နက်ကြီးအစတွေ လက်နက်အငယ်တွေ ထိပြီးတော့မှ သေသွားတဲ့ သူလည်းရှိတယ်။ ဒဏ်ရာရတဲ့ သူလည်းရှိတယ်။"

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ထိတွေ့တိုက်ပွဲ ၄၁ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ FE5 တနင်္သာရီက ထုတ်ပြန်ထားပါတယ်။ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရက်ရှည်တိုက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ထားဝယ်ခရိုင်အတွင်း စစ်ရေးပဋိပက္ခ ရွာလုံးကျွတ်စစ်ဘေးရှောင်